အမေရိကန်က တရုတ်အလူမီနီယမ်ပြားများအား ဒေါ်လာတစ်ဘီလျံနီးပါး သွင်းကုန်ခွန်များ ပြဋ္ဌာန်း

အမေရိကန်က တရုတ်အလူမီနီယမ်ပြားများအား ဒေါ်လာတစ်ဘီလျံနီးပါး သွင်းကုန်ခွန်များ ပြဋ္ဌာန်း
Published 21 June 2018

ဧပြီ ၇ ရက်က တရုတ်နိုင်ငံ ရှန်တုံပြည်နယ်၌ အလူမီနီယမ်စက်ရုံတစ်ရုံ၏ အတွင်းပိုင်းကို တွေ့ရစဉ် (Photo: Reuters)

ပြည်တွင်းတွင် မစွံတော့သောကုန်များအား အမေရိကန်ဈေးကွက်၌ လျှော့ဈေးဖြင့် အစွံထုတ်နေသည်ဟုဆိုကာ ဒေါ်လာတစ်ဘီလျံနီးပါး တန်ဖိုးရှိ တရုတ် အလူမီနီယမ်ပြားများအား သွင်းကုန်ခွန်များ ပြဋ္ဌာန်းကြောင်း အမေရိကန်က ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သို့ တရုတ်သွင်းကုန်အားလုံးနီးပါးကို သွင်းကုန်ခွန်များ စည်းကြပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၉ ရက်နှောင်းပိုင်းတွင် ခြိမ်းခြောက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးသည် ဇွန် ၂၀ ရက်တွင် ကျယ်ပြန့်သော ပဋိပက္ခချောက်ကမ်းပါးသို့ ရောက်ရှိနေခဲ့သည်။

ပြည်တွင်းဈေးကွက်၌ လျှော့ဈေးဖြင့် လာရောက်အစွံထုတ်မှုများအား တန်ပြန်ရန် အမေရိကန် ကုန်ထုတ်လုပ်သူများ၏ မေတ္တာရပ်ခံမှုကြောင့် မဟုတ်ဘဲ သွင်းကုန်ခွန် ပြဋ္ဌာန်းမှုအား အမေရိကန် ကုန်သွယ်ရေးဌာနက ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ထောက်ပံ့မှုရရှိထားသော သို့မဟုတ် ပြည်တွင်းဈေးကွက်၌ ရောင်းမထွက်၍ လျှော့ဈေးဖြင့် လာရောက် အစွံထုတ်သည့်ကုန်ပစ္စည်းများ အမေရိကန် ဈေးကွက်များသို့ ဝင်ရောက်မှုကို တားဆီးရန်အတွက် အမေရိကန် ကုန်သွယ်ရေးဌာနသည် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်ပို့ကုန်လုပ်ငန်းရှင်များသည် အလူမီနီယမ်ပြားများကို အမေရိကန်ဈေးကွက်၌ သင့်တော်သောဈေးနှုန်းထက် ၁၆၇ ဒသမ ၂ ရာခိုင်နှုန်းလျှော့၍ ရောင်းချနေခဲ့ကြောင်း အကြိုကောက်ချက် ချခဲ့သည်ဟု အမေရိကန် ကုန်သွယ်ရေးဌာနက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအတွက်ကြောင့် လျှော့ဈေးဖြင့် အစွံထုတ်သည်ဟု ယူဆရသည့်ဈေးနှုန်းများဖြင့် ရောင်းချသည့် သွင်းကုန်လုပ်ငန်းရှင်များထံမှ စရန်ငွေများကို စတင်သိမ်းယူနေကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်ရေးဌာနက ပြီးခဲ့သော ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့သည့် အလားတူ လုပ်ငန်းစဉ်၌ ခွင့်မပြုသော တရုတ်အစိုးရ အထောက်အပံ့ယူ စာရင်းဝင်သွင်းကုန်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

တရုတ်လုပ်ပုံမှန် အလူမီနီယမ်ပြားများကို အမေရိကန်သို့ တင်သွင်းမှုသည် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာသန်း ၉၀၀ အထိရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ရာခိုင်နှုန်း ၅၀ ခန့် မြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၁၈ ခုနှစ်ကုန်တွင် ချမှတ်မည့် နောက်ဆုံး ဆုံးဖြတ်ချက်သည် လျှော့ဈေးဖြင့် အစွံထုတ်မှုအား ထရန့်အစိုးရ၏ ဆန့်ကျင်မှုဆိုင်ရာ မူဝါဒအများအပြားနှင့် သဘောထား ကွဲလွဲခဲ့သည့် အမှီအခိုကင်းသော အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မရှင်က ပိတ်ဆို့နိုင်သည်။ တရုတ်ကလည်း အမေရိကန် သွင်းကုန် အလူမီနီယမ်များအား စည်းကြပ်ခွန်များ ပြဋ္ဌာန်းကြောင်း ပြီးခဲ့သောမတ်တွင် ကြေညာခဲ့သည်။ သို့သော် တရုတ်သို့ အမေရိကန်၏ အလူမီနီယမ်တင်သွင်းမှုသည် တရုတ်က အမေရိကန်သို့ နှစ်စဉ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း နည်းပါးသည်။

Ref: AFP

Most Read

Most Recent