ပြင်သစ်က ဂျာမနီနှင့်ပူးတွဲ၍ တိုက်လေယာဉ်တည်ဆောက်မည့် စီမံကိန်းအား ဦးဆောင်မည်

ပြင်သစ်က ဂျာမနီနှင့်ပူးတွဲ၍ တိုက်လေယာဉ်တည်ဆောက်မည့် စီမံကိန်းအား ဦးဆောင်မည်
Published 21 June 2018

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၆ ရက်က ပြင်သစ်အနောက်တောင်ပိုင်းရှိ လေတပ်စခန်းတစ်ခု၌ ပြင်သစ်ရာဖေးတိုက်လေယာဉ်နှစ်စင်းကို တွေ့ရစဉ် (Photo: AFP)

ဇွန် ၂၀ ရက်က ပြင်သစ်နှင့် ဂျာမနီအစိုးရတို့ကြား၌ ရရှိခဲ့သည့် သဘောတူညီမှုတစ်ခုအရ ဂျာမနီနှင့်အတူ ဂျက်တိုက်လေယာဉ် မျိုးဆက်သစ်တစ်ခုအား တည်ဆောက်ရေးတွင် ပြင်သစ်က ဦးဆောင်မည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဂျက်တိုက်လေယာဉ်သစ်သည် ၂၀၄၀ ပြည့်နှစ်၌ ပြင်သစ်၏ Dassault လေကြောင်းလုပ်ငန်းမှ ရာဖေးလေယာဉ်များ၊ ဂျာမနီ၏ယူရိုဖိုက်တာများ (ဥရောပအကျိုး တူလုပ်ငန်းတစ်ခုက ထုတ်လုပ်) အား အစားထိုးရန်အတွက် ရည်ရွယ်ထားသည်။

ယခုဖရန်ကို-ဂျာမန် သဘောတူညီချက်အရ ယင်းတိုက်လေယာဉ်စီမံကိန်းကို လေ့လာရေးမှ အစပြုပြီး ယခုနှစ်ကုန်မတိုင်မီ အစပြုရန် တောင်းဆိုထားကြောင်း သိရသည်။

မျိုးဆက်သစ် အဆိုပါလေယာဉ်သည် ကိုယ်တိုင်လည်း စွမ်းဆောင်ရည်ရှိသည့်အပြင် ကျယ်ပြန့်လှသော လက်နက်စနစ်ကြီး တစ်ခု၏ ဗဟိုချက်သို့ ရောက်လာလိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့ပြင် မောင်းသူမဲ့တပ်ရင်းတစ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။

လေယာဉ်စီမံကိန်းသစ်အား အတူတကွ ပူးတွဲလုပ်ဆောင်ကြမည့် သဘောတူညီချက် တစ်ခုကို Dassault နှင့် ယူရိုဖိုက်တာအကျိုးတူအုပ်စုမှ အဖွဲ့ဝင်ဖြစ်သည့် Airbus တို့က ဧပြီလကတည်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် မည်သူက ကြီးကြပ်မည်ဖြစ်ကြောင်းကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ လက်ရှိတွင် ပြင်သစ်က ဦးဆောင်မည်ဟု သိရသဖြင့် စီမံကိန်းအားကြီးကြပ်ရန် Dassault တွင် တာဝန်ရှိသွားပြီဖြစ်သည်။ Airbus ၏ ကာကွယ်ရေးလှုပ်ရှားမှု အများစုမှာမူ ဂျာမနီတွင်ဖြစ်သည်။

“ပြင်သစ်နဲ့ ဂျာမနီအတွက် လုပ်ဆောင်နိုင်စွမ်းရည်များစွာပါတဲ့ တိုက်လေယာဉ်တစ်စင်း တည်ဆောက်ရေးဟာ ဥရောပ မဟာဗျူဟာလုပ်ပိုင်ခွင့်မှာ အဓိကဖြစ်လာမယ့် လက်နက်စနစ်တစ်ခုနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်” ဟု Dassault မှ အမှုဆောင် ဥက္ကဋ္ဌဖြစ်သူ အဲရစ်ထရစ်ပါက ပြောခဲ့သည်။

ယူရိုဖိုက်တာအကျိုးတူ ပူးပေါင်းရေးအဖွဲ့ထဲမှ အခြားအဖွဲ့ဝင်များမှာ ဗြိတိန်မှကာကွယ်ရေးအုပ်စု BAE Systems နှင့် အီတလီမှ Leonardo တို့ ဖြစ်ကြသည်။

၂၀၁၇ ခုနှစ် မေလက ပြင်သစ်သမ္မတအဖြစ် ရွေးကောက်ခံရကာစ အီမန်နျူရယ် မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ်အင်ဂျလာ မာကယ်တို့သည် လေယာဉ်သစ် ပူးတွဲတည်ဆောက်ရေးအတွက် ပထမဆုံးအကြိမ် သဘောတူခဲ့ကြသည်။ ထိုနှစ်နိုင်ငံသည် ပိုမိုနီးကပ်သော ကာကွယ်ရေး သဘောတူညီချက်ရရှိရေးအတွက် ယခင်က ယှဉ်ပြိုင်ဘက်များဖြစ်ခဲ့ခြင်းကို မေ့ပစ်ခဲ့ကြသည်။

တိုက်ခိုက်ရေးတင့်ကားတစ်စီးတည် ဆောက်ရေးစီမံကိန်းတစ်ခုအတွက်လည်း ဇွန် ၁၉ ရက်က ပြင်သစ်နှင့် ဂျာမနီတို့ကြားတွင် သဘောတူညီချက် ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်နှစ်လယ်တွင် စတင်ပြီး ၂၀၃၅ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် တင့်ကားစီမံကိန်းကိုမူ ဂျာမနီက ဦးဆောင်မည်ဖြစ်သည်။ ထို့ပြင် ပူးတွဲအမြောက်စနစ်နှင့် ဖရန်ကို-ဂျာမန်စစ်ရေးဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်များအတွက်လည်း ထိုနှစ်နိုင်ငံသည် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Ref:Reuters

Most Read

Most Recent