နော်ဝေ၌ လျှပ်စစ်လေယာဉ်ငယ်အား စမ်းသပ်မောင်းနှင်

နော်ဝေ၌ လျှပ်စစ်လေယာဉ်ငယ်အား စမ်းသပ်မောင်းနှင်
Published 20 June 2018

ဇွန် ၁၈ ရက်က အော်စလိုလေဆိပ်တွင် ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့သော လျှပ်စစ်လေယာဉ်ကို တွေ့ရစဉ် (Photo - AFP)

၂၀၂၅ ခုနှစ်၌ ခရီးသည်တင်လျှပ်စစ် လေယာဉ်များ စတင်ပျံသန်းနိုင်ရန် မျှော်မှန်းထားသော နော်ဝေတွင် ဇွန်၁၈ ရက်က ထိုင်ခုံနှစ်ခုံပါ လျှပ်စစ်လေယာဉ်တစ်စင်းကို စမ်းသပ်မောင်းနှင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေရှိသော လမ်းကြောင်းသို့ ပြောင်းလဲလာသည့် နော်ဝေသည်ကမ္ဘာတွင် လျှပ်စစ်ကားအများဆုံး ဝယ်ယူအသုံးပြုသည့်နိုင်ငံလည်း ဖြစ်သည်။

ယခုစမ်းသပ်ခဲ့သည့် လျှပ်စစ်လေယာဉ်  Alpha Electro G2 ကို ဆလိုဗေးနီးယားမှ  Pipistrel က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ Alpha Electro G2 လေယာဉ်ကို  သယ်ယူပို့ဆောင်ရေးဝန်ကြီး ကီတယ်စလိုဗက်-အော်စလန်နှင့် နိုင်ငံပိုင်နော်ဝေလေကြောင်းလုပ်ငန်း Avinor ဥက္ကဋ္ဌဒက်ဖော့ခ်-ပီတာဆင်တို့သည် အော်စလိုလေဆိပ်အနီးတွင် မိနစ်အနည်းငယ်ကြာ စမ်းသပ်မောင်းနှင်ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုကိုက်ညီမှုရှိတဲ့ ဝေဟင်ပျံသန်းမှုဆီသို့ အမြန်နှုန်းနဲ့သွားနေတဲ့အကြောင်း  ဒါဟာ ပထမဥပမာတစ်ခု ဖြစ်ပါတယ်။ ဘေးကင်းစေဖို့အတွက်တော့ သေချာပေါက် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု စလိုဗက်- အော်စလန်က ပြောကြားခဲ့သည်။

ဘိုရင်းနှင့် အဲဘတ်စ်ကဲ့သို့ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများသည် လျှပ်စစ်လေယာဉ်များအား တည်ဆောက်နေပြီဖြစ်ကာ ဘက်ထရီဈေးနှုန်းများမှာလည်း ကျဆင်းလာပြီဖြစ်သည့်အတွက် ၂၀၄၀ ပြည့်၌ နော်ဝေပြည်တွင်း လေကြောင်းခရီးစဉ်များ အားလုံးတွင် လျှပ်စစ်လေယာဉ်များကိုသာ အသုံးပြုမောင်းနှင်နိုင်ရန် အစိုးရ၏ ရည်မှန်းချက်ပြည့်မီရေးမှာ ပိုမိုဖြစ်နိုင်ခြေရှိလာခဲ့သည်။ မည်သည့်အချိန်တွင် ခရီးသည်တင် လျှပ်စစ်လေယာဉ်များ စတင်ပျံသန်းနိုင်မည် နည်းဟုမေးမြန်းခဲ့ရာတွင် ပီတာဆန်က “ကျွန်တော်အနေနဲ့ အနီးစပ်ဆုံးခန့်မှန်းရမယ် ဆိုရင်တော့ ၂၀၂၅ ခုနှစ် မတိုင်မီလောက် ဖြစ်ပါလိမ့်မယ်။ ၂၀၄၀ ပြည့်နှစ်လောက်ကျရင်တော့ အားလုံးဟာ လျှပ်စစ်လေယာဉ်တွေ ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဇွန် ၁၈ ရက်က စမ်းသပ်မောင်းနှင်ခဲ့ရာတွင်  Alpha Electro G2 လေယာဉ်သည် ကျဉ်းကျဉ်းကျုတ်ကျုတ်ရှိလှပြီး လေကြောင့်လူးလှိမ့်နေသည်မှာလည်း ထိတ်လန့်စရာ ဖြစ်သည်ဟု ဝန်ကြီးနှင့် ပီတာဆန်တို့က ဆိုကြသည်။ စမ်းသပ်မောင်းနှင်မှုတွင် ပီတာဆင်က မောင်းနှင်ပြီး ဝန်ကြီးစလိုဗက်အော် စလန်က ခရီးသည်ထိုင်ခုံ၌ထိုင်၍ လိုက်ပါခဲ့ခြင်း ဖြစ်သည်။ သို့သော် ၅၇၀ ကီလိုဂရမ် ( ၁၂၅၅ ပေါင်) လေးသော ထိုလေယာဉ်ငယ်သည် ရုပ်ကြွင်းလောင်စာများ အား အသုံးပြု ပျံသန်းသည့် လေယာဉ်များထက်အသံပို၍ တိတ်ဆိတ်သည်ဟု သိရသည်။

နော်ဝေတွင် လျှပ်စစ်ကားများအတွက် အသုံးပြုပါက အခွန်ကင်းလွတ်မှုကြီးကြီးမားမားပေးခြင်း၊ အခမဲ့ယာဉ်ရပ်နားနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာရရှိထားသည်။ ထို့ကြောင့် နော်ဝေသည် လျှပ်စစ်ကား အများဆုံးအသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းတစ်နိုင်ငံ ဖြစ်နေသည်။ ၂၀၁၈ ခုနှစ် မေလက နော်ဝေ၌ ရောင်းချခဲ့သည့် ကားအားလုံး၏ ၅၆ ရာခိုင်နှုန်းသည် လျှပ်စစ်ကား သို့မဟုတ် စွမ်းအင်နှစ်မျိုးသုံးကားများ ဖြစ်ကြသည်။

Ref ;Reuters

Most Read

Most Recent