မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တရုတ်သို့ နှစ်ရက်ကြာခရီး ထပ်မံသွားရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တရုတ်သို့ နှစ်ရက်ကြာခရီး ထပ်မံသွားရောက်
Published 20 June 2018

ဇွန် ၁၉ ရက်က ပေကျင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် လိုက်ပါလာသည်ဟု ယူဆရသော ယာဉ်တန်းကို တွေ့ရစဉ် (Photo – AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် မမျှော်လင့်ထားသော သမိုင်းဝင်ထိပ်သီးကို ကျင်းပခဲ့ပြီးနောက် တစ်ပတ်အကြာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းသို့ နှစ်ရက်ကြာ ခရီးစဉ်လာ ရောက်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက  ဇွန် ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြားစေ့စပ်ညှိ နှိုင်းသူနေရာအား ပိုမိုခိုင်မာစေရန် တရုတ်က ကြိုးပမ်းနေစဉ် ကင်၏တရုတ်ခရီးစဉ် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယခင်ခရီးစဉ်တွင် ကင်နေထိုင်ခဲ့သော ပေကျင်းရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတစ်ဝိုက်ရှိ လမ်းများတွင် ဇွန် ၁၉ ရက် မွန်းတည့်၌ လုံခြုံရေးဗင်ကားများ၊ ရဲကားများနှင့် သံချပ်ကာယာဉ် ဒါဇင်များစွာက စောင့်ကြပ်နေခဲ့ကြောင်း သိရသည်။ ဇွန် ၁၉ ရက် နံနက်တွင် ပေကျင်းသို့ရောက်ရှိလာဖွယ်ရှိဟု ယူဆရသော ကင်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံရန် ပြည်သူ့ခန်းမဆောင်သို့ သွားရောက်မည်ဖြစ်သည်။ ကင်သည် ဇွန် ၂၀ ရက်အထိ ပေကျင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း တရုတ်အစိုးရရုပ်သံ CCTV က ဖော်ပြခဲ့သည်။

ယခုခရီးစဉ်သည် ပြီးခဲ့သောမတ်တွင် ကင်က ပထမဆုံး ပြည်ပခရီးစဉ်ထွက်ခွာခဲ့ပြီးနောက်ပိုင်း တရုတ်သို့ တတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောသီတင်းပတ်တွင် ပြုလုပ်ခဲ့သော ထရန့်နှင့် ထိပ်သီးဆွေးနွေးပွဲအကြောင်းအား ဆွေးနွေးမှုအပြင် ကင်သည် ရှီနှင့်တွေ့ ဆုံစဉ်အတွင်း နျူကလီးယားဖျက်သိမ်းမည်ဟု ၎င်း၏ကတိပြုမှုအတွက် အပြန်အလှန်အားဖြင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအား ဖြေလျှော့ပေးရန်အတွက် တရုတ်က ကူညီပေးရန် တောင်းဆိုမည်ဟု မျှော်လင့်ရကြောင်း ဂျပန်စီးပွားရေးနေ့စဉ်သတင်းစာ နစ်ကေးက ဖော်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တစ်ပတ်ခန့်က စင်ကာပူတွင် ထရန့် -ကင် သမိုင်းဝင်ထိပ်သီး အပြီး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားအား စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ချထားခြင်းကို ဖြေလျှော့ပေးရန် စဉ်းစားနိုင်ကြောင်း တရုတ်က အဆိုပြုခဲ့သည်။ စင်ကာပူထိပ်သီးတွင် တရုတ်က ပါဝင်ဖွယ်မရှိသော်လည်း နောက်ကွယ်မှ ကြီးမားသောသြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်သည်။

သမိုင်းဝင်ထိပ်သီးအပြီးတွင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအား စိစစ်အတည်ပြုနိုင်ပြီး နောက်ပြန်လှည့်၍မရသော အလုံးစုံဖျက်သိမ်းမှုကို လုပ်ဆောင်ရန် အမေရိကန်၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်ရန်အတွက် ရှီနှင့် ကင်တို့က အရေးတကြီးဆွေးနွေးရမည်ဖြစ်ကြောင်း ပေကျင်းအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးသုံးသပ်သူဟွာဖိုက ပြောကြားခဲ့သည်။ အမေရိကန်၏ တောင်းဆိုချက်အား ကင်ကလက်ခံရန် ခက်ခဲဖွယ်ရှိကြောင်း၊ ယင်းအတွက် တရုတ်နှင့် မြောက်ကိုရီးယားတို့က အမေရိကန်နှင့် ရှေ့ဆက်ကိုင်တွယ်မည့် အရေးနှင့်ပတ်သက်၍ အလုံးစုံ မဟာဗျူဟာကို ပုံဖော်ရန်နှင့် ဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန် လိုလားနေကြောင်း ဟွာက ပြောကြားခဲ့သည်။

နျူကလီးယားဖျက်သိမ်းမည်ဟု ကင်၏ ကတိပြုမှုအတွက် ထရန့်ကလည်း တောင်ကိုရီးယားနှင့်နှစ်စဉ်ပြုလုပ်နေကျ အဓိက ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့ရာ ယင်းသည် ပေကျင်း၏ သြဇာလွှမ်းမိုးမှုရှိကြောင်း ရှင်းလင်းသော လက္ခဏာတစ်ခုဟု လေ့လာသူများက ရှုမြင်ခဲ့ကြသည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးစီမံကိန်းများအား ရပ်ဆိုင်းရမည့် နှစ်လမ်းသွား အဆိုပြုမှုကို ပေကျင်းက ကာလရှည်ကြာအကြံပြုခဲ့သည်။

Ref ; AFP

Most Read

Most Recent