အင်ဒိုနီးရှားကူးတို့ သင်္ဘောနစ်မြုပ်မှုတွင် ၁၂၈ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားကူးတို့ သင်္ဘောနစ်မြုပ်မှုတွင် ၁၂၈ ဦး ပျောက်ဆုံးနေ
Published 20 June 2018

ဇွန် ၁၉ ရက်တွင် မြောက်ဆူမတ်တြားပြည်နယ်ရှိ တိုဘာကန်ဆိပ်ကမ်းတွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ် (Photo - AFP)

အင်ဒိုနီးရှားနိုင်ငံတွင် ကူးတို့ သင်္ဘော နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူ ၁၂၈ ဦးကို ရာနှင့်ချီသော ကယ်ဆယ်ရေးသမားများက ရှာဖွေနေသည်ဟု အမျိုးသားဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေး အေဂျင်စီက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သစ်သားကူးတို့သင်္ဘောသည် ဆူမတ်တြားကျွန်းရှိ  ခရီးသွားများလာရောက်သည့် နာမည်ကြီးနေရာတစ်ခုဖြစ်သော တိုဘာရေကန်သို့ သွားရောက်စဉ် ဇွန် ၁၈ ရက်  မွန်းလွဲပိုင်းတွင် နစ်မြုပ်ခဲ့သည်။ လူတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ပြီး ၁၈ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြား ခဲ့သည်။

“လူတော်တော်များများ ပျောက်နေတယ်လို့ သူတို့ရဲ့ ဆွေမျိုးတွေက သတင်းပို့ထားတယ်” ဟု  မီဒန်မြို့အနီးရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ၏ ခေါင်းဆောင် ဘူဒီဝန်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကူးတို့သင်္ဘောပေါ်တွင် ခရီးသည် ၈၀ ထက်မနည်း ပါဝင်သည်ဟု အာဏာပိုင်များ ကအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။  တိုဘာရေကန်တွင် နစ်မြုပ်ခဲ့သည့် ယင်းကူးတို့ သင်္ဘောသည် ခရီးသည်စာရင်းများ (သို့မ ဟုတ်) ခရီးသည် လက်မှတ်များမရှိဘဲ တရားမဝင် သယ်ယူပို့ဆောင်နေသည်ဟု ယူဆကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းကူးတို့သင်္ဘောပေါ်တွင် နိုင်ငံခြားသားများ ပါဝင်ခြင်း ရှိ၊ မရှိ တိတိကျကျ မသိရပေ။ ဇွန် ၁၈ ရက်တွင် ရုပ်သံမှပြသသည့် ဗီဒီယို၌ ကယ်ဆယ်ရေးလှေတစ်စင်း ချဉ်းကပ်ဝင်ရောက်ချိန်တွင် လှိုင်းထန်သောရေပြင်၌ ခရီးသည်အဖွဲ့တစ်ဖွဲ့မြင့် ချည်နိမ့်ချည်ပေါ်နေသည်ကို ပြသခဲ့သည်။

“ကူးတို့သင်္ဘောမြုပ်တာ အရမ်းကို မြန်ဆန်လွန်းပါတယ်။ ကျွန်မ ကလေးကို ဆွဲခဲ့ပေမယ့် ကလေးပျောက်သွားခဲ့တယ်” ဟု  ဂျူဝီတာအမည်ရ အမျိုးသမီးတစ်ဦးက  TVOne  သို့ ပြောကြားခဲ့သည်။

ရာသီဥတုဆိုးရွားပြီး မြင်ကွင်းမရှင်းလင်းမှုကြောင့် ဇွန် ၁၈ ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးကို ရပ်ဆိုင်းခဲ့ပြီး ဇွန် ၁၉ ရက်  နံနက်ပိုင်းတွင် ကယ်ဆယ်ရေးသမား ၃၅၀ ဖြင့် ကယ်ဆယ်ရေးကို ပြန်လည်စတင်ခဲ့သည်။

မွတ်စလင်အများစုနေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဇွန် ၁၅ ရက်မှစပြီး အိဒ်ပွဲတော်ဆင်နွှဲနေသည်။ ပွဲတော်များအတွင်း အားလပ်ရက်တွင် လူသန်းများစွာသည် တိုဘာရေကန်သို့ သွားရောက်ကြ သည်။

ကျွန်းစု ၁၇,၀၀၀ ရှိပြီး သွားလာရေးအတွက် ကူးတို့သင်္ဘောနှင့်လှေများကို အမှီပြုနေရသည့် အင်ဒိုနီးရှားတွင် ဘေးကင်းလုံခြုံရေး စံချိန်စံနှုန်း အားနည်းမှုကြောင့် ရေလမ်းမတော်တဆမှုများ ဖြစ်ပွားနေကျဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် လူ ၄၀ ပါဝင်သည့် သစ်သားသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဆူလာဝေစီကျွန်း ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်မှုကြောင့် လူ ၇၈ ဦး သေဆုံးခဲ့သည်။                                   Ref ; AFP

Most Read

Most Recent