ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားမင်းသား ဘန်ကောက်တွင် ဆေးရုံတက်

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားမင်းသား ဘန်ကောက်တွင် ဆေးရုံတက်
Published 19 June 2018

၂၀၁၂ ခုနှစ် ဇွန် ၃ ရက်က ဖနွမ်းပင်ရှိ မဲရုံတစ်ရုံတွင် ကမ္ဘောဒီးယားမင်းသား (ဝဲ) နှင့် ဇနီးဖြစ်သူ (ယာ) တို့ကို တွေ့ရစဉ် (Photo - AFP)

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ဇနီးဖြစ်သူ ကွယ်လွန်ကာ ကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့သည့် ကမ္ဘောဒီးယားမင်းသားသည် ဆေးကုသမှုခံယူရန် ဘန်ကောက်သို့ ဇွန် ၁၈ ရက်က သွားခဲ့ကြောင်း ၎င်း၏ နိုင်ငံရေးပါတီဝင်တစ်ဦးက ပြောကြားခဲ့သည်။ တစ်ချိန်က ကမ္ဘောဒီးယားဝန်ကြီးချုပ်လည်း ဖြစ်ခဲ့ဖူးသော မင်းသား နိုရိုဒွန်ရာနာရစ်သည် ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာမိုနီ၏ အဖေတူအမေကွဲညီအစ်ကို ရာနာရစ်သည် ယာဉ်တိုက်မှုအတွင်း နံရိုးအနည်းငယ်ကျိုးကာ ခြေထောက်၌ ဒဏ်ရာများရသွားခဲ့သည်ဟု ၎င်း၏ Funcinpec ပါတီမှ အထွေထွေအတွင်းရေးမှူး ယင်ဆာဗီက ဆိုသည်။ “ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူ့ကို ထိုင်းနိုင်ငံကို ပို့လိုက်ပါတယ်” ဟု ဆာဗီက ပြောကြားခဲ့သည်။ အသက် ၇၄ နှစ်အရွယ် ရာနာရစ်သည် အခြေအနေကောင်းမွန်ပြီး စကားကိုလည်း ပုံမှန်ပြောနိုင်သည်ဟု သိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှ ငွေကြေးတတ်နိုင်သူများသည် အရှေ့တောင်အာရှတွင် အကောင်းဆုံး ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများရှိသည့် ဘန်ကောက်သို့ ဆေးကုသမှုခံ ယူရန်မကြာခဏ သွားရောက်လေ့ရှိကြသည်။

ဇွန် ၁၇ ရက်က Funcinpec  ပါတီဥက္ကဋ္ဌ ရာနာရစ်သည် ဇနီးအော့ဖယ်လာနှင့်အတူ နိုင်ငံအနောက်တောင်ပိုင်းသို့ မဲဆွယ်စည်းရုံးရေးအတွက် ယာဉ်တန်းဖြင့် သွားခဲ့ကြသည်။ ထိုသို့သွားနေစဉ် မျက်နှာချင်းဆိုင်မှ မောင်းလာသော အငှားယာဉ်တစ်စီးသည် ရာနာရစ်တို့ စီးနင်းလာသည့်ကားကို ခေါင်းချင်းဆိုင်ဝင်တိုက်မိခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း ရာနာရစ်ကို မြို့တော် ဖနွမ်းပင်သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားစဉ် ဇနီးသည် အော့ဖယ်လာသည် ဒေသဆိုင်ရာဆေးရုံတစ်ခုမှာပင် ကွယ်လွန်သွားခဲ့သည်။ အခြားဒဏ်ရာရသူ ခုနစ်ဦးလည်းရှိကြောင်း သိရသည်။ အော့ဖယ်လာသည် ရာနာရစ်နှင့် လက်မထပ်မီက ရှေးရိုးကချေသည်တစ်ဦးအနေနှင့် နိုင်ငံတွင် နာမည်ကျော်သူ ဖြစ်သည်။

အငြင်းပွားစရာဖြစ်နေသော လာမည့်ဇူလိုင် ၂၉ ရက် အထွေထွေရွေးကောက်ပွဲသို့ ရာနာရစ်၏ Funcinpec  ပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် ထိုရွေးကောက်ပွဲတွင် အဓိကအတိုက်အခံ အင်အားစုဖြစ်သော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) မပါဝင် နိုင်သဖြင့် မျှတမှုများ မရှိမည်ကို နိုင်ငံတကာက စိုးရိမ်နေကြသည်။

ကာလရှည်ကြာ ဆက်ဆံရေးမကောင်းခဲ့ကြသော ရာနာရစ်နှင့် ဝန်ကြီးချုပ် ဟွန်ဆန်တို့သည် မကြာသေးမီနှစ်များအတွင်း ပြန်၍စည်းလုံးလာသည်ကို တွေ့ရသည်။ ရာနာရစ်သည် ၁၉၉၃ မှ ၁၉၉၇ ခုနှစ်အထိ ဟွန်ဆန်နှင့်အတူ ဝန်ကြီးချုပ်ရာထူူးကိုပူးတွဲ ထမ်းဆောင်ခဲ့သည်။

သို့သော် ၁၉၉၇ ခုနှစ်တွင် ဟွန်ဆန်အား သစ္စာခံသူများ၏ သွေးချောင်းစီးအာဏာသိမ်းပွဲအတွင်း ရာနာရစ်မှာ ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ ယင်းနောက်ပိုင်း ရာနာရစ်၏ လူကြိုက်များမှုနှင့် နိုင်ငံရေးအလားအလာတို့မှာလည်း ကျဆင်းခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်နီးပါးက Funcinpec ပါတီမှလည်း ထုတ်ပယ်ခံခဲ့ရသည်။ ထိုနောက် ရာနာရစ်သည် တစ်ဖန်ပြန်လာရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ၂၀၁၅ ခုနှစ်မှ နိုင်ငံရေးသို့ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။ Funcinpec ပါတီကို ရာနာရစ်၏ ဖခင်ဖြစ်သည့် ၂၀၁၂ ခု နှစ်က ကွယ်လွန်ခဲ့သော ဘုရင်နိုရိုဒွန်သီဟာနော့က တည်ထောင်ခဲ့သည်။

Ref ; AFP

 

Most Read

Most Recent