ဂျပန်၏ ကျူးကျော်မှုအတွက် ပြင်ဆင်သည့်အနေနှင့် တောင်ကိုရီးယားက နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်

ဂျပန်၏ ကျူးကျော်မှုအတွက် ပြင်ဆင်သည့်အနေနှင့် တောင်ကိုရီးယားက နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်
Published 19 June 2018

၂၀၁၅ ခုနှစ် မတ် ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ ပိုဟန်မြို့တွင် Foal Eagle ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo ; AP)

တောင်ကိုရီးယားသည် ၎င်း၏ အရှေ့ဘက်ကမ်းလွန်၌ရှိသော ဒေါ့ဒိုကျွန်းစုကို ဖြစ်နိုင်ခြေမရှိသော ဂျပန်၏ တိုက်ခိုက်လာမည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများကို ဇွန် ၁၈ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ကို ဂျပန်ကိုလိုနီအုပ်စိုးမှု အဆုံးသတ်ပြီးကတည်းက တောင်ကိုရီးယားသည် ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ရှိ ထိုကျွန်းစုငယ်ကို ထိန်းချုပ်ခဲ့သည်။ ဂျပန်ကလည်း ၎င်းတို့က တာကီရှီမာဟု ခေါ်ဆိုသည် ထိုကျွန်းစုငယ်သည် ၎င်းတို့အပိုင်ဖြစ်သည်ဟုပြောပြီး တောင်ကိုရီးယားက တရားမဝင် သိမ်းယူထားသည်ဟု ပြန်လည်စွပ်စွဲနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တောင်ကိုရီးယားနှင့် နှစ်စဉ်ပူးတွဲ လုပ်ဆောင်နေကျ စစ်ရေးလေ့ကျင့်မှုကြီးများကို (မြောက်ကိုရီးယား၏ ရန်စမှုအား ကာကွယ်ရန်ရည်ရွယ်) အကုန်အကျများပြီး ရန်စသည့် သဘောဆောင်သည်ဟုဆိုပြီး အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ထိုသို့ ကြေညာပြီး ရက်အနည်းငယ်အကြာတွင် တောင်ကိုရီးယားက ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်ထံမှ တိုက်ခိုက်လာမှုဆိုသည်မှာ ဖြစ်နိုင်ခြေနည်းပါးသော်လည်း တောင်ကိုရီးယားသည် ထိုစစ်ရေးလေ့ကျင့်မှုများကို ၁၉၈၆ ခုနှစ်က ပထမဆုံးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၀၃ ခုနှစ်မှစပြီး တစ်နှစ်လျှင် နှစ်ကြိမ်စီ ကျင်းပခဲ့သည်။

“ပြည်ပအင်အားစုတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့အတွက် ဒေါ့ဒိုကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်လုပ်ဆောင်နေတဲ့ ဖြစ်စဉ်တစ်ခုပါ” ဟု တောင်ကိုရီးယားကာ ကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ချွိုင်ဟန်ဆိုက ပြောခဲ့သည်။

စစ်သင်္ဘော ခြောက်စင်း၊ လေယာဉ်ခုနစ်စင်း ပါဝင်သည့် ယခုနှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် ရပ်ဆိုင်းလိုက်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် နှိုင်းယှဉ်ပါကမူ သေးငယ်နေလိမ့်မည် ဖြစ်သည်။ ဒေါ့ဒိုစစ်ရေး လေ့ကျင့်မှုအတွင်း မရိန်းတပ်ဖွဲ့တစ်ဖွဲ့သည် ကျောက်ဆောင်ထူထပ်သည့် ကျွန်းစုပေါ်သို့ ကမ်းတက်ခြင်းများလုပ်ဆောင်ကြမည် ဖြစ်သည်။ ဒေါ့ဒိုကျွန်းစုပေါ်တွင် နေထိုင်သူဦး ရေမှာ ၄၀ ဝန်းကျင်သာရှိပြီး အများစုမှာ ရဲအရာရှိများ ဖြစ်ကြသည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီနှင့် အမေရိကန်၏ မဟာမိတ်ဖြစ်ကြမှုခြင်းတူညီသည့်အပြင် နျူကလီးယားလက်နက်ပိုင်သော မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ခံရခြင်းလည်း တူညီကြသည်။ သို့သော်လည်း ထိုနှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းကြောင်းနှင့် နယ်မြေကိစ္စများကြောင့် နက်နက်ရှိုင်းရှိုင်း ကွဲလွဲလျက်ရှိသည်။

ထို့ပြင် ကမ္ဘာစစ်အတွင်းက ဂျပန်တို့သည် ကိုရီးယားအမျိုးသမီးများကို လိင်ကျွန်ပြုမှုကိစ္စကလည်း ထိုအိမ်နီးချင်းနှစ်နိုင်ငံကြားမှ ဆက်ဆံရေးအတွက် အဟန့်အတား ဖြစ်နေသည်။

Ref ; AFP

Most Read

Most Recent