ယီမင် အပစ်အခတ် ရပ်စဲရေးအတွက် ကုလသမဂ္ဂ၏ကြိုးပမ်းမှုများ အဖျားရှူး

ယီမင် အပစ်အခတ် ရပ်စဲရေးအတွက် ကုလသမဂ္ဂ၏ကြိုးပမ်းမှုများ အဖျားရှူး
Published 19 June 2018

ဇွန် ၁၇ ရက်က ဟိုဒေးဒါလေဆိပ်အနီးမှ ရွှေ့ပြောင်းခဲ့ပြီး ကျောင်းတစ်ကျောင်းတွင် ခိုလှုံနေသူများအား တွေ့ရစဉ် (Photo ; AFP)

ယီမင်နိုင်ငံ၌ အပစ်အခတ်ရပ်စဲစေ  ရန်ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများသည် ဇွန် ၁၈ ရက်က အဖျားရှူးသွားဖွယ်ရသည်။ သူပုန်တို့ထိန်းချုပ်ထားသော အဓိကဆိပ်ကမ်း မြို့ဟိုဒေးဒါကို သိမ်းယူရန် ဆော်ဒီကျော ထောက်နောက်ခံပေးထားသော အစိုးရ လိုလားသည့်တပ်ဖွဲ့များက ထိုးစစ်ဆင်နေကြစဉ် အရပ်သားများအတွက်စိုးရိမ်မှုများမှာ မြင့်တက်လာနေသည်။

သူပုန်တို့ထိန်းချုပ်ထားသော မြို့တော် ဆာနာ၌ နှစ်ရက်ကြာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂသံတမန် မာတင်ဂရစ်ဖစ်သည် ဟိုဒေးဒါပဋိပက္ခများ အဆုံးသတ်စေရန် ၎င်း၏ ကြိုးပမ်းအားထုတ်ခဲ့မှုများနှင့် ပတ်သက်ပြီး ဇွန် ၁၈ ရက်နှောင်းပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပြန်လည်ရှင်းပြမည် ဖြစ်သည်။ အငတ်ဘေး ဆိုက်တော့မည်ဖြစ်သဖြင့် အကူအညီအလွန်အမင်း လိုအပ်နေသော ယီမင်နိုင်ငံအတွက် ဟိုဒေးဒါသည် နိုင်ငံထဲသို့ ကုန်များဝင်ရာ အဓိကဝင်ပေါက် ဖြစ်သည်။

သို့သော် အီရန် ကျောထောက်နောက်ခံ ပြုထားသော ဟူသီသူပုန်တို့က ဆွေးနွေးမှုများ မအောင်မြင်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဇွန် ၁၇ ရက်က ဂရစ်ဖစ်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တရားမဝင်ဟူသီ အစိုးရအကြီးအကဲက လက်ရှိအခြေအနေများတွင် အပစ်အခတ်ရပ်စဲရေးကို လက်မခံ နိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရသည်။ ဆော်ဒီဦးဆောင်သော တပ်ဖွဲ့များသည် အနောက်ဘက်ဆိပ်ကမ်းသို့ တိုက်ခိုက်မှုများကို တိုးမြှင့်လာသည်ဟုလည်း ၎င်းတို့က ဆိုခဲ့သည်။

ပင်လယ်နီဆိပ်ကမ်းမြို့သို့ ဆော်ဒီနှင့် အာရပ်နိုင်ငံများ၏ ကျောထောက်နောက်ခံပေးထားသော တိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည့် မိသားစုများမှာ ထောင်နှင့်ချီရှိပြီ ဖြစ်သည်။

ဟူသီသူပုန်များ ဟိုဒေးဒါမြို့ထဲမှ ထွက်သွားရမည်

ထိုစဉ် ယူအေအီး (ဆော်ဒီဦးဆောင် သော စစ်ရေးညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံ) က ညွန့်ပေါင်းအုပ်စု ကျောထောက်နောက်ခံပေးထားသော အစိုးရတပ်ဖွဲ့များ ချီတက်လာကြပြီဖြစ်သဖြင့် ဟူသီသူပုန်များဟိုဒေး ဒါမြို့ထဲမှ ထွက်သွားကြရန် ဇွန် ၁၈ ရက်က သတိပေးခဲ့သည်။

“သူပုန်တွေ မထွက်သွားဘူးဆိုရင်ဟို ဒေးဒါဆိပ်ကမ်းစစ်ဆင်ရေးကို ချွင်းချက်မရှိ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါဂါဂတ်ရှ်က ဒူဘိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ ထို့ပြင် ဟူသီတို့ ဆုတ်ခွာနိုင်ရန်အတွက် ဟိုဒေးဒါ- ဆာနာလမ်းကိုလည်း ဖွင့်ပေးထားဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ ဒီစစ်ဆင်ရေးဟာ မြို့ထဲကနေ ဟူသီတွေထွက်သွားအောင် ပြောဖို့နောက်ဆုံး အခွင့်အရေး ရထားတဲ့ ကုလသမဂ္ဂသံတမန် (မာတင်ဂရစ်ဖစ်) ကို ကူညီဖို့အတွက်ပါ” ဟု ၎င်းက ပြောခဲ့သေးသည်။

ဟိုဒေးဒါတိုက်ပွဲများအတွင်း လက်ရှိအချိန်အထိ တိုက်ခိုက်ရေးသမား ၁၃၉ ဦး ကျဆုံးခဲ့ပြီဖြစ်ပြီး အများစုမှာ သူပုန်များဖြစ်ကြသည်ဟု ဆေးဘက်နှင့် စစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။

Ref ;AFP

Most Read

Most Recent