လေထုညစ်ညမ်းမှုကို လျော့ပါးစေရန် နယူးဒေလီတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းရန် အမိန့်ထုတ်

လေထုညစ်ညမ်းမှုကို လျော့ပါးစေရန် နယူးဒေလီတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းရန် အမိန့်ထုတ်
Published 17 June 2018

ဇွန် ၁၄ ရက်က နယူးဒေလီမြို့အပြင်ဘက်၌ ဖုန်ထူထပ်နေစဉ် လမ်းတစ်လမ်းတွင် စက်ဘီးစီးသူနှစ်ဦးကို တွေ့ရစဉ်

နယူးဒေလီမြို့ထဲ၌ ဖြစ်ပေါ်နေသော အသက်ရှူကျပ်စရာ လေထုညစ်ညမ်းမှုကို  လျော့ပါးစေရန်အတွက် အာဏာပိုင်များက ဆောက်လုပ်ရေးလုပ်ငန်းများကို နှစ်ရက်ကြာ ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။ ထိုကဲ့သို့ လေထုအခြေအနေကြောင့်မြို့တစ်မြို့လုံးတွင်လည်း မီးခိုးများ၊ ဖုန်များဖြင့် ဖုံးလွှမ်းလျက် ရှိသည်။

နယူးဒေလီ၏ လေထုအရည်အသွေးသည် လေးရက်ဆက်တိုက်အဖြစ် ဇွန် ၁၅ ရက်၌လည်း ပြင်းထန်ဆိုးရွားသည့် အဆင့်တွင် ဆက်လက်ရှိနေသည်ဟု မြို့၏ လေထု ညစ်ညမ်းမှုဆိုင်ရာဗဟိုထိန်းချုပ်ရေးဘုတ်အဖွဲ့က သတ်မှတ်ခဲ့သည်။

နယူးဒေလီ၏ PM 2.5 အမှုန် (အဆုတ်ကို အန္တရာယ်ရှိစွာ ပိတ်ဆို့စေနိုင်သည့် အလွန်သေးငယ်သော အမှုန်) ပါဝင်မှု အဆင့်သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ၁၇၀ ကျော်သွားခဲ့သည်ဟု သိရသည်။ ယင်းပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေးကင်းသည်ဟု သတ်မှတ်ထားသည့် အဆင့်ထက် ခြောက်ဆ ပိုမိုများပြားနေခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၏ နေရာအနှံ့အပြား၌ လေနှင့်အတူ ဖုန်များပါလာသည်မှာ ရက်ပေါင်းများစွာကြာမြင့်လာစဉ် ဇွန် ၁၄ ရက်ညနေပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် အမိန့်ထွက်လာခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖုန်အများအပြား ရောက်လာခြင်းကြောင့် မြို့များစွာတွင် လေထုညစ်ညမ်းမှုအဆင့်မှာ ထိုးတက်လာပြီး လေယာဉ်ခရီးစဉ် ဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရသည်။ နယူးဒေလီမြို့ထဲတွင်လည်း ရပ်ကွက်အများအပြားကို ရေဖြန်းပေးခြင်းဖြင့် ဖုန်ထူမှုကို လျော့ကျစေရန် ကြိုးပမ်းလျက်ရှိကြသည်။

“လက်ရှိဖြစ်နေတာတွေဟာ အံ့သြဖို့ တော့ကောင်းပါတယ်။ ဒီနေ့ရဲ့ ဂြိုဟ်တုဓာတ်ပုံထဲမှာဆိုရင် ဒေသတစ်ခုလုံးရဲ့အပေါ်မှာ ဖုန်ထုကြီးက လှည့်နေတာကို တွေ့ရပါတယ်” ဟု နယူးဒေလီအခြေစိုက် သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဌာနမှ အမှုဆောင် ဒါရိုက်တာဖြစ်သူ အနူမီတာရွိင်ချောင်ဒရီက ပြောကြားခဲ့သည်။

မြို့ပြဧရိယာသို့ ရွေ့လျားလာသည့် ထိုဖုန်ထုကြီးထဲတွင် ယာဉ်များ၊ စက်ရုံများ၊ စွမ်းအင်စက်ရုံများမှ ထွက်လာသည့်အဆိပ်သင့်အရာများ ပါ ပါဝင်လာသည်ဟု သိရသည်။

နယူးဒေလီအစိုးရသည် ပိုမိုဆိုးရွားလာသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် နှစ်များကတည်းက နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းသို့ ကြိုးပမ်းမှုထဲတွင် ကားများမှ ကာဗွန် ထုတ်လုပ်မှုကို ကန့်သတ်ခြင်း၊ မြို့ထဲသို့ ဝင်လာသည့် ဒီဇယ်ထရပ်ကားများကို အခွန်ကောက်ခြင်းတို့ ပါဝင်သည်။  သို့သော် ကျွမ်းကျင်သူများကမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မလုပ်ဆောင်မချင်း ကြိုးပမ်းမှုများမှာ အရာရောက်မည်မဟုတ်ဘဲ ပို၍သာ ဆိုးရွားလာလိမ့်မည်ဟု  ပြောခဲ့ကြသည်။

Most Read

Most Recent