ဘူတာရုံ စစ်ဆေးရေးဂိတ်တစ်ခုအား ပြည်မကြီးအရာရှိများနှင့် ပူးတွဲထိန်းချုပ်ရမည့် အငြင်းပွားဥပဒေကို ဟောင်ကောင် အတည်ပြု

ဘူတာရုံ စစ်ဆေးရေးဂိတ်တစ်ခုအား ပြည်မကြီးအရာရှိများနှင့် ပူးတွဲထိန်းချုပ်ရမည့် အငြင်းပွားဥပဒေကို ဟောင်ကောင် အတည်ပြု
Published 16 June 2018

ဇွန် ၁၄ ရက်က ဟောင်ကောင်ဥပဒေပြုကောင်စီ၌ ရထားလိုင်းဥပဒေကြမ်းကို ဒီမိုကရေစီလိုလားသော အမတ်များက ဆန့်ကျင်နေစဉ် (Photo: AFP)

ဟောင်ကောင်ထဲမှ ရထားလမ်းဆုံး ဘူတာရုံသစ်တစ်ခုအား တရုတ်ပြည်မကြီးမှ အာဏာပိုင်များကို ပူးတွဲထိန်းချုပ်ခွင့်ပေးသည့် အငြင်းပွားစရာဥပဒေကြမ်းတစ်ခုကို ဟောင်ကောင်ဥပဒေပြုအမတ်များက ဇွန် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ တရုတ်အစိုးရကြောင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တဖြည်းဖြည်းယိုယွင်းလာစေသည့် ယခုလုပ်ရပ်အပေါ် ဒေါသတကြီး ကန့်ကွက် ဆန္ဒပြနေကြသည့် ကြားမှ ယခုကဲ့ သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်။ ဟောင်ကောင်၏ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရထားပြီး ပြည်မကြီးမှ ဥပဒေစိုးမိုးမှုများ ဝင်ရောက်လာခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသည်။

သို့သော် ယခုနှစ်အတွင်း ဖွင့်လှစ်တော့မည့် ကွမ်ကျိုး-ရှင်းကျန့်-ဟောင်ကောင် အထူးအမြန်ရထားလိုင်းမှ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးဂိတ်တစ်ခုကိုပြည်မကြီးမှ အရာရှိများနှင့် ပူးတွဲထိန်းချုပ်ရမည့် ဥပဒေကြမ်းကို ဟောင်ဟောင် အမတ်များက အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဟောင်ကောင်၏ ဗဟိုချက်တွင်ရှိသည့် ရထားလမ်းဆုံးဘူတာရုံသစ်တစ်ခုသို့ ပြည်မကြီးမှအရာရှိများ ရောက်လာတော့မည်ဖြစ်သည်။ ရှင်းကျန့်နှင့် ကွမ်ကျိုးတို့သည် ဟောင်ကောင်နှင့် ထိစပ်နေကြသော တရုတ်ပြည်မကြီးမှ မြို့များ ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကာလရှည်ကြာ ကန့်ကွက်နေမှုများသည် ဇွန် ၁၄ ရက်က အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါနေ့က ဥပဒေကြမ်းကို ကန့်ကွက်ရန် ဥပဒေပြုကောင်စီအပြင်ဘက်တွင် လူ ၂၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အခြေခံဥပဒေဟာ ဟောင်ကောင် လူထုကိုကာကွယ် ပေးနိုင်မှု မရှိတော့ပါဘူး။ ကျွန်တော်တို့လွတ်လပ်ခွင့်ဟာ အန္တရာယ်ရှိနေပါပြီ”  ဟု ဝေါင်ဟု အမည်ရသော ပင်စင်စား တစ်ဦးက ပြောကြားခဲ့သည်။

လွတ်လပ်စွာပြောဆိုခွင့်၊ အမှီအခိုကင်းသော တရားရေးစနစ်တို့အပါအဝင် ပြည်မကြီးတွင် ကြုံရမည်မဟုတ်သော လွတ်လပ်မှုများကို ဟောင်ကောင်တွင် ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါအခြေအနေကပင် ဟောင်ကောင်၏ယဉ်ကျေးမှုနှင့် စီးပွားရေးအောင်မြင်မှုတို့အတွက် အခြေခံ အုတ်မြစ် ဖြစ်နေခြင်းဖြစ်သည်။

ယခု ပူးတွဲလူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းကို တစ်စိတ်တစ်ပိုင်းသာ ရွေးကောက် တင်မြှောက်ခံရသူများ ပါဝင်သည့် ဟောင်ကောင် ဥပဒေပြုကောင်စီကအတည်ပြုလိုက်ခြင်း ဖြစ်သည်။ ယင်းဥပဒေကြမ်းကို ကန့်ကွက်သည့် ဒီမိုကရေစီလိုလားသော ဥပဒေပြုအမတ်များကိုမူ ကောင်စီဥက္ကဋ္ဌက ထုတ်ပယ်ခဲ့သည်။

ဟောင်ကောင်အပေါ် ပြည်မကြီး၏ ချုပ်ကိုင်မှုကြီးထွားလာနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာစဉ် ဟောင်ကောင်နှင့် ဆက်စပ်နေသည့် ကြီးမားသောစီမံကိန်းကြီးများစွာမှာ အပြီးသတ်တော့မည်ဖြစ်သည်။ ယခုပြဿနာဖြစ်နေသော ဟောင်ကောင် ဒေါ်လာ ၈၄ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၁၀ ဒသမ ၇ ဘီလျံ) တန် အမြန်ရထားလိုင်းသည် ထိုစီမံကိန်းကြီးများစွာထဲမှ တစ်ခုဖြစ်သည်။

Most Read

Most Recent