အင်ဂျင်ထုတ်လုပ်သည့် ဗြိတိန်ကုမ္ပဏီ Rolls-Royce က အလုပ်အကိုင် ၄၆၀၀ လျှော့ချမည်

အင်ဂျင်ထုတ်လုပ်သည့် ဗြိတိန်ကုမ္ပဏီ Rolls-Royce က အလုပ်အကိုင် ၄၆၀၀ လျှော့ချမည်
Published 15 June 2018

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အင်္ဂလန်အလယ်ပိုင်း ဒါဘီရှိ Rolls-Royce အင်ဂျင်တပ်ဆင်ရေး စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ် (Photo: AFP)

လေယာဉ်အင်ဂျင်များ ထုတ်လုပ်သော ဗြိတိန်ကုမ္ပဏီ Rolls-Royce သည် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ ပြည့်နှစ် မတိုင်မီတွင် ဗြိတိန်၌ အလုပ်အကိုင် ၄၆၀၀ လျှော့ချမည်ဖြစ်ပြီး အများစုသည် ဗြိတိန်စီမံခန့်ခွဲရေး နေရာများဖြစ်ကြောင်း ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လန်ဒန်တွင် စတော့ဈေးကွက် ဖွင့်လှစ်ထားသော Rolls-Royce ၏အင်ဂျင်များသည် အဲဘတ်စ်နှင့် ဘိုးရင်းလေယာဉ်များတွင် အသုံးပြုကြသည်။ အလုပ်အကိုင်များ လျှော့ချမှုကြောင့် ၂၀၂၀ ပြည့်နှစ်အကုန်တွင် ကုမ္ပဏီသည် စရိတ်ဒေါ်လာ ၅၃၆ သန်း သက်သာမည်ဖြစ်ကြောင်း Rolls-Royce က ပြောကြားခဲ့သည်။

လေယာဉ်အင်ဂျင်များနှင့် ရေကြောင်းလျှပ်စစ်ဓာတ်အား စနစ်များတွင် ဝယ်လိုအား ကျဆင်းမှုကြောင့် Rolls-Royce သည် မကြာသေးခင်နှစ်များအတွင်း စီးပွားရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။ ယမန်နှစ်က Rolls-Royce ၏ အမြတ် ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပေါင်ငွေတန်ဖိုး တိုးတက်မှုကြောင့် အမြတ်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

Rolls-Royce သည် ဗြိတိန်တွင် ဝန်ထမ်း ၂၂၀၀၀ ကျော် ခန့်ထားပြီး ကမ္ဘာတစ်ဝန်းတွင် လူ ၅၅၀၀၀ ခန့်ကို အလုပ်အကိုင် ပေးထားသည်။ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး လုပ်ငန်းစဉ်ကြောင့် Rolls-Royce သည် ဒေါ်လာသန်း ၆၇၀ ကျော် သက်သာရာရမည်ဟု မျှော်လင့်ကြောင်း Rolls-Royce က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent