အသက် ၇၂ နှစ်ပြည့်ခဲ့သော ထရန့် အမေရိကန်၏ ပထမသက်တမ်း အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်

အသက် ၇၂ နှစ်ပြည့်ခဲ့သော ထရန့် အမေရိကန်၏ ပထမသက်တမ်း အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်
Published 15 June 2018

ဇွန် ၈ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မီဒီယာများကို သမ္မတထရန့်က စကားပြောနေစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် စင်ကာပူတွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် ဝါရှင်တန်သို့ ပြန်ရောက်လာခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန် ၁၄ ရက်တွင် အသက် ၇၂ နှစ် ပြည့်သွားခဲ့သည်။ ရော်နယ်ရီဂင်သည် ၁၉၈၄ ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရစဉ်က အသက် ၇၃ နှစ်ဖြစ်ခဲ့သော်လည်း ထရန့်သည် ၂၀၁၆ ခုနှစ်တွင် အသက် ၇၀ အရွယ်၌ အမေရိကန်သမ္မတ ရာထူးကို ရယူခဲ့သော အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

ထရန့်၏ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေးနှစ်ခုစလုံးသည် အမေရိကန်တွင် စိတ်ဝင်စားမှုကြီးမားသော အကြောင်းအရာ တစ်ခုဖြစ်သည်။ ထရန့်သည် ဇန်နဝါရီလတွင် တရားဝင် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပြီး အိမ်ဖြူတော်ဆရာဝန် ရော်နီဂျက်ဆင်က ထရန့်၏ ကျန်းမာရေးသည် အလွန်အမင်းကောင်းမွန်ဟု ဖော်ပြခဲ့သည်။

ထရန့်သည် သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေစဉ်ကတည်းက သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာဆရာဝန် ဟာရိုးဘွန်းစတိုင်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ထရန့်ကိုယ်စား စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းစာတွင် ထရန့်၏ ကျန်းမာရေးသည် အလွန်ကောင်းမွန်ဟု ဖော်ပြခဲ့သည်။ ထရန့်၏ သွေးဖိအားနှင့် ဓာတ်ခွဲခန်း စစ်ဆေးမှုရလဒ်များက ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း ဖော်ပြနေခဲ့ပြီး အမေရိကန်သမ္မတသက်တမ်း တစ်လျှောက်တွင် အကျန်းမာဆုံးသော သမ္မတတစ်ဦးဖြစ်မည်ဟု ယင်းစာတွင် ဖော်ပြခဲ့သည်။ ထိုစာကို ထရန့်က နှုတ်တိုက်ချပေးခဲ့ခြင်းဖြစ်ကြောင်း ဘွန်းစတိုင်းက ပြီးခဲ့သည့်လတွင် စီအင်န်အင်န်ကို ပြောကြားခဲ့သည်။

ကိုယ်ရံတော်တစ်ဦးသည် ယမန်နှစ်က ၎င်း၏ရုံးခန်းသို့ လာရောက်ခဲ့ပြီး သမ္မတ၏ ကျန်းမာရေးမှတ်တမ်းများကို သိမ်းယူသွားခဲ့ကြောင်း ဘွန်းစတိုင်းက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ ထရန့်ကို ဆံပင်သန်စွမ်းရေးဆိုင်ရာ ဆေးများကို နှစ်နှင့်ချီပေးခဲ့ကြောင်း ဘွန်းစတိုင်းက ပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ်က ကိုးကားဖော်ပြခဲ့ပြီး နောက်နှစ်ရက်အကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် သူ၏ ရုံးကို ဝင်ရောက် စီးနင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဘွန်းစတိုင်းက ဆိုခဲ့သည်။

ထရန့်သည် ကိုယ်အလေးချိန် ၂၃၉ ပေါင်ရှိပြီး ယင်းကိုယ်အလေးချိန်ကို လျှော့ချလိုနေကြောင်း စားသောက်မှုပုံစံကို ပြောင်းလဲပြီး လေ့ကျင့်ခန်းပိုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်ကြောင်း အိမ်ဖြူတော်ဆရာဝန် ရော်နီဂျက်ဆင်က ပြောကြားခဲ့ဖူးသည်။ အရပ်အမြင့် ၆ ဒသမ ၃ ပေရှိသော ထရန့်သည် ကိုယ်အလေးချိန် ၁၀ ပေါင်မှ ၁၅ ပေါင်အတွင်း လျှော့ချလိုကြောင်း ဂျက်ဆင်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent