<

စပိန်တိုက်ခိုက်မှုတွင် သံသယရှိသူလေးဦးအား တရားရုံး၌ စစ်ဆေးမှုစတင်

Twitter အကောင့် Mossos D’Esquadra တွင်ဖော်ပြခဲ့သော အဘူယာကွတ်၏ ဓာတ်ပုံများ (Photo: AFP)

စပိန်တွင် လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သော အကြမ်းဖက်အဖွဲ့တစ်ဖွဲ့မှ ကျန်ရှိသည့်အဖွဲ့ဝင်များဟု ယူဆရသည့် လေးဦးအား စစ်ဆေးမေးမြန်းရန် သြဂုတ် ၂၂ ရက်တွင် မက်ဒရစ်ရှိ တရားရုံးသို့ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သောသီတင်းပတ်တွင် ဘာစီလိုနာနှင့် ကမ်းခြေအပန်းဖြေစခန်း ကမ်ဘရေးတို့၌ လူ ၁၅ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရစေခဲ့သည့် ကားဖြင့်ဝင်တိုက်မှုများ ပြုလုပ်ရန် ကြိုတင်စီစဉ်ခဲ့သော အဖွဲ့ဝင် ၁၂ ဦးပါအဖွဲ့မှ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အသက် ၂၂ နှစ်ရှိ မော်ရိုကိုနိုင်ငံသား ယူနက်စ်အဘူယာကွတ်အား စပိန်ရဲတပ်ဖွဲ့က သြဂုတ် ၂၁ ရက်တွင် ပစ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း သံသယရှိသူလေးဦးအား ထိန်းသိမ်းနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့၏လက်ချက်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း သို့မဟုတ် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ အယ်ကာနာတွင် ၎င်းတို့၏ ဗုံးထုတ်လုပ်သည့်စက်ရုံ၌ မတော်တဆပေါက်ကွဲမှုကြောင့် သေဆုံးရခြင်းတို့ကြောင့် ကျန်သူအားလုံး သေဆုံးခဲ့ရပြီးဖြစ်သည်။ ယင်းအကြမ်းဖက်အဖွဲ့၏ အဓိကကျသော မော်ရိုကိုဘာသာရေး ဆရာတစ်ဦးဖြစ်သည့် အဗ္ဗဒယ်ဘာကီအက်စ်ဆက်တီသည် ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကာတာလန်ရဲချုပ် ဂျိုးဇက်လူးဝစ်ထရက်ပီရိုက အတည်ပြုခဲ့သည်။

ထိန်းသိမ်းခံ သံသယရှိသူလေးဦးအား အကြမ်းဖက်မှုများကို စီရင်ရသည့် National Court ၌စစ်ဆေးမေးမြန်းမည်ဖြစ်ပြီး ယင်းလေးဦးသည် အကြမ်းဖက်အဖွဲ့ငယ်အား ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ စွဲချက်တင်၊ မတင်ကို တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်သည်။ ယင်းလေးဦးတွင် သြဂုတ် ၁၈ ရက်နံနက်က ကမ်ဘရေး၌ လူလေးဦး သေဆုံးခဲ့ရသည့် ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံခဲ့ရသော မူဆာ၏အစ်ကိုဖြစ်သူ အသက် ၂၇ နှစ်ရှိ ဒရစ်အူကာဘီယာလည်း ပါဝင်သည်။ အယ်ကာနာတွင် ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သော မိုဟာမက်အာလား၊ မိုဟာမက် ဟူလီချန်လယ်တို့အပြင် ဆာအိကာရက်တို့ကိုလည်း စစ်ဆေးမေးမြန်းမည်ဖြစ်သည်။ ၎င်းတို့၏အသက်များသည် ၂၁ နှစ်၊ ၂၈ နှစ်နှင့် ၃၄ နှစ်ဖြစ်သည်ဟုသာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးပစ်သတ်ခံခဲ့ရသည့် အဘူယာကွတ်က ကားဖြင့်ထွက်ပြေးရန်အတွက် သြဂုတ် ၁၈ ရက်တွင် ဘာစီလိုနာအပြင်ဘက်၌ ကားပိုင်ရှင်ဖြစ်သော အသက် ၃၄ နှစ်ရှိ အမျိုးသားပူပီရက်ဇ်အား ဓားဖြင့်ထိုးသတ်မှုအပါအ၀င် ယင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိရှိလာခဲ့သည်။ အဘူယာကွတ်သည် ခရီးသွားများဖြင့် စည်ကားသော Las Ramblas လမ်းကျယ်တွင် လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်မှု ပြုလုပ်ခဲ့ပြီးနောက် လေးရက်ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့သည်။

August 22, 2017














Copy Protected by Chetan's WP-Copyprotect.