w သန္တာကျောက်တန်းများ မရှိပါက ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှစ်ဆမြင့်တက်လာနိုင် - Eleven Media Group <

သန္တာကျောက်တန်းများ မရှိပါက ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှစ်ဆမြင့်တက်လာနိုင်

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဗီယက်နမ်မြောက်ပိုင်းတွင် ရေလွှမ်းမှုကြောင့် တံတားတစ်စင်းပြိုကျနေစဉ် (Photo – AFP)

ကမ္ဘာတစ်ဝန်းရှိ သန္တာကျောက်တန်းများ ပျက်စီးမှုများသည် ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှုနှစ်ဆ မြင့်တက်လာမည်ဖြစ်ပြီး မုန်တိုင်းကြောင့် ပင်လယ်ရေမြင့်တက်လာရာမှ ဆုံးရှုံးမှုသုံးဆမြင့်တက် လာစေမည်ဖြစ်သည်ဟု သုတေသီများက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့မှာ တွဲလျက်ဖြစ်ပေါ်နေစဉ် ကျောက်တန်းများ လျော့ပါးလာမှုကြောင့် ယခုရာစုနှစ်ကုန်၌ ရေကြီးရေလျှံမှုများသည် လေးဆမြင့်တက်လာနိုင်သည်ဟု Nature Communications  ဂျာနယ်တွင် အဆိုပါသုတေသီများ၏ လေ့လာမှုကို ဖော်ပြခဲ့သည်။

ဒဏ်ခံကာကွယ်ပေးမည့်သန္တာကျောက်တန်းများ မရှိပါက Shock မုန်တိုင်း (ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာလာပြီးဖျက်အား နှစ်ဆပြင်းသည့် မုန်တိုင်း) တိုက်ခတ်လျှင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာဘီလျံနှင့် ချီရှိသွားလိမ့်မည်ဖြစ်သည်ဟု သုတေသီများက ခန့်မှန်းခဲ့သည်။

“သဘာဝလှိုင်းတားနံရံတွေအဖြစ် လုပ်ဆောင်ပေးတဲ့ သန္တာကျောက်တန်းတွေဟာ လှိုင်းကြီးခြင်းကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို လျော့ကျစေပြီး ရေလှိုင်းတွေရဲ့ပြင်းအားကိုလည်း လျှော့ချပေးပါတယ်” ဟု Nature Communications  မှ ဦးဆောင်သိပ္ပံပညာရှင်  မိုက်ကယ်ဘိခ်က ပြောကြားခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရေတိမ်သန္တာကျောက်တန်းတွေရဲ့ အမြင့်နဲ့ အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်မှုတွေဟာ ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အပူပိုင်း ကမ်းရိုးတန်းဒေသအများအပြားမှာ ရေကြီးရေလျှံမှုနဲ့ ဆက်စပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပိုမိုမြင်တွေ့လာရနိုင်ပါတယ်” ဟု ဆန်တာခရုဇ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သော ဘိခ်က ပြောကြားခဲ့သည်။

လက်ရှိတွင် သန္တာကျောက်တန်းများ အားလုံးလျော့ကျနေခြင်းမဟုတ်ဘဲ ကျောက်တန်းများသည် အရောင်ကျွတ်ခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်းနှင့် မုန်တိုင်းဒဏ်တို့မှ ပြန်လည်နာလန်ထလာနိုင်သေးသည်ဟု ဘိခ်က ပြောခဲ့သည်။ “ဒါပေမဲ့ ယေဘုယျအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပထ၀ီဝင်အနေအထား အားလုံးမှာ သိသိသာသာ ဆုံးရှုံးမှုတွေကို ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်” ဟု ဘိခ်က ပြောခဲ့သည်။

ရေတိမ်သန္တာကျောက်တန်းများရှိသော ကမ္ဘာ့ကမ်းရိုးတန်းအရှည်ကီလိုမီတာ ၇၁၀၀၀ (မိုင်ပေါင်း ၄၄၀၀၀) (အပူပိုင်းဒေသတွင် အများဆုံးတွေ့ရ) အနက်အများစုမှာ ကမ်းရိုးတန်းချဲ့ထွင်မှု၊ သဲတူးမှု၊ ဒိုင်းနမိုက်ခွဲပြီး ငါးဖမ်းမှု၊ စက်မှုလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးလျော့နည်းလာနေသည်။

သန္တာကျောက်တန်းများသည် ရေအပူချိန် ရုတ်ချည်းမြင့်တက်ခြင်းနှင့် ပတ်သက်၍လည်း ခံနိုင်ရည် မရှိကြပေ။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော ရေအပူလှိုင်းကျဆင်းမှုကြောင့် သြစတြေးလျက အထင်ကရ Great Barrier သန္တာကျောက်တန်းမှာ ရာခိုင်နှုန်း ၃၀ ခန့် သေဆုံးခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေပူနွေးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှာမူ ယခုအချိန်အထိ အပြည့်အ၀ မတွက်ချက်နိုင်သေးပေ။

သန္တာကျောက်တန်းပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရေကြီးမှုဒဏ်မှ သိသိသာသာ ခုခံကာကွယ်နိုင်မှုနည်းပါးသည့် နေရာများမှာ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။

Ref; AFP

June 13, 2018














Copy Protected by Chetan's WP-Copyprotect.