အိန္ဒိယဝန်ကြီးချုပ် မိုဒီက နံနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သည့် ဗီဒီယိုများအား ထုတ်ပြန်

အိန္ဒိယဝန်ကြီးချုပ် မိုဒီက နံနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သည့် ဗီဒီယိုများအား ထုတ်ပြန်
Published 14 June 2018

ဇွန် ၁၃ ရက်က လွှင့်တင်ခဲ့သော ဗီဒီယိုအပိုင်းတစ်ခုမှ ရယူထားသည့်ဓာတ်ပုံတွင် ယောဂကျင့်နေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ် (Photo - AFP)

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကျန်းမာရေးအတွက် စည်းစနစ်ထား၍ မပြတ်ကျင့်သုံးမှုကိုပြသသည့် နံနက်ခင်း ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား ပြုလုပ်နေသည့် ဗီဒီယိုများကို အွန်လိုင်းတွင် ဇွန် ၁၃ ရက်၌ မျှဝေခဲ့သည်။ သဘာဝတရားဖြင့်လှုံ့ ဆော်ထားသည့် အထူးလျှောက်လမ်းတစ်ခုတွင် အေးအေးလူလူ လမ်းလျှောက်မှုအား ရိုက်ကူးထားမှုလည်း ပါဝင်သည့် ထိုဗီဒီယိုတွင် မိုဒီက ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်မှုအတွက် ရရှိသောအကျိုးကျေးဇူးများကို ထုတ်ဖော်ပြောကြားထားသည်။

လူဦးရေ ၁ ဒသမ ၂၅ ဘီလျံရှိသော အိန္ဒိယတွင် အဝလွန်မှုနှင့် ကျန်းမာရေးချို့တဲ့မှုတို့အား တိုက်ဖျက်ရန်ကြိုးပမ်းမှုအဖြစ် လေးစားခံရသော ခရစ်ကတ်အသင်းခေါင်းဆောင် ဗီရတ်ခိုလီအပါအဝင် အိန္ဒိယတွင် ထင်ရှားသူများက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ဆောင်ရန် လှုံ့ဆော်သည့် ကိုယ်တိုင်ရိုက်ဗီဒီယိုများ ထွက်ပေါ်ခဲ့ပြီးနောက် မိုဒီကလည်း ယင်းကဲ့သို့ လေ့ကျင့်ခန်းဗီဒီယိုများအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် နှစ်မိနစ်ကြာ ဗီဒီယိုအပိုင်းတွင် အသက် ၆၇ နှစ်ရှိ မိုဒီက နယူးဒေလီရှိ ၎င်းင်း၏နေအိမ်မှ စိမ်းလန်းသော ဥယျာဉ်ထဲတွင် ပြုလုပ်ခဲ့သည့်  လေ့ကျင့်ခန်းများအား လိုက်ပါလုပ်ဆောင်ကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။ ယောဂကျင့်မှု အပါအဝင် သဘာဝတရားများကို ပုံဖော်ထားသည့် လမ်းကြောင်း၌ မိုဒီက လမ်းလျှောက်နေမှုအား ရိုက်ကူးထားသည့် ဗီဒီယိုသည် တင်ပြီးပြီးချင်း နာရီပိုင်းအတွင်း ကြည့်ရှုမှု အကြိမ် ၂၀၀၀၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။ ထိုလေ့ကျင့်ခန်းများသည် ပြန်လည်လန်းဆန်းစေပြီး နုပျိုလာစေကြောင်း၊ အသက်ရှူလေ့ကျင့်ခန်းကိုလည်း ပြုလုပ်ခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။

မိုဒီက သူသည် အိပ်ချိန်အနည်းငယ်သာ ထားရှိကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းအား ထောက်ခံသူများက မိုဒီ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအား ကြွားဝါပြောဆိုလေ့ ရှိကြသည်။ ယောဂကျင့်စဉ်အား အလွန်အမင်း စိတ်အားထက်သန်သူလည်းဖြစ်သည့် မိုဒီက အိန္ဒိယရှေးဟောင်းကျင့်စဉ်ဖြစ်သော ထိုလေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများအား ကာတွန်းရုပ်ဖြင့် ပုံဖော်၍ ဆွဲဆောင်စည်းရုံးခဲ့သည်။ အစိုးရဝန်ကြီးများက မိုဒီ၏ မနှိုင်းယှဉ်နိုင်သော စွမ်းအားများအတွက် အလျင်အမြန်ပင် ချီးကျူးခဲ့ကြသည်။ သို့သော် အချို့ကမူ မိုဒီ၏ယင်းလုပ်ရပ်များကို အထင်မကြီးခဲ့ကြပေ။ အိန္ဒိယ လူလတ်တန်းစားအများစုသည် ဆင်းရဲသားများက ဟင်းလင်းပွင့်နေရာ၌ မစင်စွန့်ရာမှ ထွက်လာသော အပုပ်နံ့များ၊ စွန့်ပစ်ပစ္စည်းများနှင့် ထင်းများအား မီးရှို့မှုမှ ထွက်လာသော မီးခိုးညော်နံ့များအကြား နေထိုင်နေရကြောင်း နာရက်ရှ်မီနိုချာဆိုသူတစ်ဦးက Twitter တွင် ခနဲ့ရေးသားခဲ့သည်။ ဆိုးရွားသော လေထုအရည်အသွေးကြောင့် နယူးဒေလီနှင့်မြို့ကြီးအချို့တွင် နေအိမ်ပြင်ပ၌ လေ့ကျင့်ခန်းပြုလုပ်မှုကို ရှောင်ရှားကြရန် ကျွမ်းကျင်ပညာရှင်အချို့ကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

Ref ; AFP

Most Read

Most Recent