ထရန့်နှင့် ကင်တို့၏ ထိပ်သီးအစည်းအဝေးအတွက် တုံ့ပြန်မှုများ

ထရန့်နှင့် ကင်တို့၏ ထိပ်သီးအစည်းအဝေးအတွက် တုံ့ပြန်မှုများ
Published 13 June 2018

ဇွန် ၁၂ ရက်က သမိုင်းဝင် ထိပ်သီးတွင် သဘောတူညီချက် လက်မှတ်ထိုးသည့် အခမ်းအနား၌ အမေရိကန်သမ္မတ ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ကို တွေ့ရစဉ် (Photo : AP)

စင်ကာပူ သဘောတူညီချက်က ပထမခြေလှမ်းဟု အာဘေး ပြောကြား

စင်ကာပူတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်သည် နျူကလီးယား ဖျက်သိမ်းရေးအတွက် ပထမအဆင့် ခြေလှမ်းဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား၏ ပြန်ပေးဆွဲ ခံခဲ့ရသော ဂျပန်တို့၏ အရေးကိုလည်း ထရန့်က ဆွေးနွေးခဲ့ခြင်းအတွက် ကျေနပ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။

ထရန့်နှင့် ကင်တို့ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် စစ်ပွဲအတွင်း သေဆုံးခဲ့သူများနှင့် စစ်အကျဉ်းသားများ၏ ရုပ်အလောင်းများ လွှဲပြောင်းပေးရေးကို ရည်ညွှန်းခဲ့သော်လည်း မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သူများနှင့် ပတ်သက်၍ အထူးရည်ညွှန်းမှု မပါဝင်ခဲ့ပေ။ ပြန်ပေးဆွဲခံ ဓားစာခံများအရေးကို ပြုံယမ်းနှင့် ဆွေးနွေးရန် ဂျပန်က အကြိမ်ကြိမ် တောင်းဆိုထားသည်။ ယင်းအရေးကို ကင်ဂျုံအွန်နှင့် ဆွေးနွေးခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲသည် အရေးကြီးသော ခြေလှမ်းဟု ဥရောပသမဂ္ဂ ချီးကျူး

ထရန့်နှင့် ကင်ဂျုံအွန်တို့အကြား ထိပ်သီးဆွေးနွေးပွဲသည် အရေးကြီးပြီး လိုအပ်သော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ဥရောပသမဂ္ဂက ချီးကျူးခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန်အတွက် အပြုသဘောဆောင်သော တိုးတက်မှုများအပေါ် အခြေခံ တည်ဆောက်ရန် ယခုထိပ်သီးက အရေးကြီးဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး တာဝန်ခံ ဖက်ဒရီဂါမိုဂီရီနီက ပြောကြားခဲ့သည်။

နျူထရန့်-ကင် ထိပ်သီးသည် အပြုသဘောဆောင်သည့် ခြေလှမ်းဟု ရုရှားပြောကြား

ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲကို အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က ကြိုဆိုခဲ့သည်။ “(ထိပ်သီးအစည်းအဝေးမှ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့) အချက်အလက်တွေကို ကျွန်တော်တို့ အခုထက်ထိ မတွေ့ရသေးဘူး။ ကျွန်တော့်အထင် သူတို့ထုတ်ပြန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆွေးနွေးပွဲ ကျင်းပတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အပြုသဘော ဆောင်နေပါပြီ” ဟု လက်ရော့ဗ်က ပြောခဲ့သည်။

နျူလီးယား ဖျက်သိမ်းရေး အပြည့်အ၀ ဆောင်ရွက်ရန် တရုတ်တိုက်တွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အကြား ထိပ်သီးဆွေးနွေးပွဲကို သမိုင်းဝင် ဆွေးနွေးပွဲအဖြစ် တရုတ်က  ဇွန် ၁၂ ရက်တွင် ချီးကျူးခဲ့ပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှုများကို ပြေလည်စေရန် နျူကလီးယားလက်နက် အပြည့်အ၀ ဖျက်သိမ်းရန် တိုက်တွန်းခဲ့သည်။ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားက ၎င်း၏ဝတ္တရားများကို အပြည့်အ၀ လိုက်နာမည် ဆိုပါက အမေရိကန်က အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ပေးရေးအတွက် စဉ်းစားရန်လည်း ပေကျင်းက အဆိုပြုခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် အတူတကွ ယှဉ်တွဲထိုင်နိုင်ပြီး တန်းတူဆွေးနွေးမှု ရှိခြင်းသည် အရေးပါပြီး အပြုသဘောဆောင်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း၊ ယင်းသည် သမိုင်းသစ်တစ်ခုကို ဖန်တီးမှုဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent