၎င်းတို့ ငါးဖမ်းသမားများထံမှ ငါးများ သိမ်းယူနေခြင်းကို ရပ်တန့်ရန် ဖိလစ်ပိုင်က တရုတ်ကို တောင်းဆို

၎င်းတို့ ငါးဖမ်းသမားများထံမှ ငါးများ သိမ်းယူနေခြင်းကို ရပ်တန့်ရန် ဖိလစ်ပိုင်က တရုတ်ကို တောင်းဆို
Published 12 June 2018

မေ ၂၂ ရက်က ဖိလစ်ပိုင်ရေတပ်၏ နှစ် ၁၂၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွင်း သမ္မတ ဒူတာတေးက အလေးပြုနေစဉ် (Photo: AFP)

အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ထဲတွင် ဖိလစ်ပိုင် ငါးဖမ်းသမားများ ဖမ်းမိသည့် ငါးများကို သိမ်းယူနေခြင်းအား ရပ်တန့်ရန် ဖိလစ်ပိုင်အစိုးရက ဇွန် ၁၁ ရက်တွင် တရုတ်ကို တောင်းဆိုခဲ့ပြီး ယင်းလုပ်ရပ်အား လက်ခံနိုင်စရာ မရှိဟုလည်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် ရင်းမြစ်ကြွယ်ဝသော ထိုရေပိုင်နက်နှင့် ပတ်သက်ပြီး တရုတ်အစိုးရနှင့် ထိပ်တိုက်မတွေ့ဘဲ ချဉ်းကပ်သည့် နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။ ထိုစဉ် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သော ယခုမှတ်ချက်များသည် တရုတ်ကို ဖိလစ်ပိုင်အစိုးရထံမှ ရှားရှားပါးပါး အပြစ်တင်မှု ဖြစ်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အဓိကကျွန်း လူဇွန် နှင့် ၁၄၃ မိုင်သာ ကွာဝေးသော စကာဘိုရို သောင်ကို တရုတ်သည် ဖိလစ်ပိုင်ထံမှ ၂၀၁၂ ခုနှစ်တွင် သိမ်းယူခဲ့သည်။ တရုတ်သည် အဆိုပါသောင် အပါအဝင် တောင်တရုတ်ပင်လယ် မှ ကျောက်တန်းအချို့ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။

မေလက စကာဘိုရိုသောင်တွင် ဖိလစ်ပိုင် ငါးဖမ်းသမားများက ဖမ်းမိသည် ငါးများ တရုတ်ကမ်းရိုးတန်းစောင့်များက သိမ်းယူခဲ့ခြင်းသည် ဖိလစ်ပိုင်များကို ထိုနေရာ၌ ငါးဖမ်းခွင့်ပြုမည်ဟု နှစ်နိုင်ငံကြားတွင် ရရှိထားသည့် သဘောတူညီချက်အား တရုတ်က ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရီရော့က ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

“ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေ ဒီလိုမျိုး လုပ်ရပ်တွေ လုပ်နေတာကို တရုတ်အာဏာပိုင်တွေဘက်က ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်” ဟု ရော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေထံကနေ ငါးတွေ ယူနေတာကို လက်မခံဘူးဆိုတဲ့အကြောင်း တရုတ်တွေကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်၍ အေအက်ဖ်ပီ သတင်းဌာန၏ ဆက်သွယ်မေးမြန်းခြင်းကို မနီလာရှိ တရုတ်သံရုံးက တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

သို့သော် ရော့က ယခုလုပ်ရပ်ကို အနိုင်ကျင့်ခြင်း ဖြစ်သည်ဟု မပြောခဲ့ပေ။ ရော့၏ ပြောကြားချက်အရ ထိုစဉ်က တရုတ်ကမ်းရိုးတန်းစောင့်များသည် ယင်းသို့ သိမ်းယူခဲ့သည့်အတွက် အပြန်အလှန်အနေနှင့် ဖိလစ်ပိုင် ငါးဖမ်းသမားများကို ခေါက်ဆွဲများ၊ စီးကရက်များနှင့် ရေများကို ပေးခဲ့သည်ဟု သိရသည်။ ရော့နှင့်အတူ သတင်းစာရှင်းလင်းပွဲသို့ ရောက်ခဲ့သည့် ငါးဖမ်းသမားများကမူ တရုတ်တို့၏ ထပ်တလဲလဲ သိမ်းယူမှုများကို တားမြစ်ရန် ၎င်းတို့တွင် စွမ်းအားမရှိဟု ဆိုခဲ့ကြသည်။

“တရုတ် ကမ်းရိုးတန်းစောင့်တွေဟာ ကျွန်တော်တို့ လှေပေါ်ကို တက်လာပြီး ဖမ်းထားတဲ့ ငါးတွေကို ကြည့်ပါတယ်။ နောက်ပြီး အကောင်းဆုံးတွေကို ရွေးယူသွားပါတယ်။ သူတို့ သင်္ဘောကြီးတွေက ကြီးတော့ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး” ဟု ငါးဖမ်းသမားတစ်ဦးက ပြောကြားခဲ့သည်။

အငြင်းပွားနေသော ရေပိုင်နက်ထဲတွင် တရုတ်၏ လုပ်ရပ်များအပေါ် တုံ့ပြန်မှု အားနည်းသည်ဟု ဝေဖန်မှုများကို ဒူတာတေး၏ အစိုးရအဖွဲ့က ပယ်ချထားသည်။ တရုတ်သည် မေလက စပရက်တလီကျွန်းစုပေါ်တွင် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို တပ်ဖြန့်ထားပြီး အခြားသော အငြင်းပွားနေသည့် ရေပြင်မှ အခြေစိုက်စခန်းသို့ ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖိလစ်ပိုင်သည် အော်ကြီးဟစ်ကျယ်လုပ်ပြီး တရုတ်ကို ဒေါသထွက်အောင် လုပ်မည်မဟုတ်ဘဲ ပိုင်နက်များကို ကာကွယ်ရန် သံတမန်ရေး နည်းလမ်းအားလုံးကို သုံးသွားမည်ဖြစ်သည်ဟု ဒူတာတေး၏ လက်ထောက်များက ပြောခဲ့ဖူးသည်။

Most Read

Most Recent