ထရန့်နှင့် ထိပ်သီး အစည်းအဝေးအတွက် ကင်ဂျုံအွန် စင်ကာပူသို့ ရောက်ရှိ

ထရန့်နှင့် ထိပ်သီး အစည်းအဝေးအတွက် ကင်ဂျုံအွန် စင်ကာပူသို့ ရောက်ရှိ
Published 11 June 2018

ဇွန် ၁၀ ရက်က ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသော ကင်ဂျုံအွန်နှင့် လက်ဆွဲနှုတ်ဆက်နေသည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး (ယာ) တို့အား တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် မကြုံစဖူး ထိပ်သီးအစည်းအဝေးပြုလုပ်ရန်အတွက် ဇွန် ၁၀ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။

ကင်သည် စင်ကာပူနိုင်ငံသို့  Air China 747 လေယာဉ်တစ်စင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုလေယာဉ်သည် နံနက်ပိုင်းတွင် ပြုံယမ်းမှ ပျံတက်စဉ်က ပေကျင်းသို့သွားသကဲ့သို့ အယောင်ပြခဲ့သေးကြောင်း၊ ထို့နောက်မှ လမ်းကြောင်းပြောင်းကာ တောင်ဘက်သို့  ဦး တည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းခရီးစဉ်ခြေရာခံရေး ဝက်ဘ်ဆိုက်  Flightradar 24၌ ဖော်ပြခဲ့သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လက်ကရစ်ရှန်က ၎င်း နှင့် ကင်ဂျုံအွန်တို့ ချန်ဂီလေဆိပ်တွင် လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံတစ်ပုံကို  Twitter ပေါ်သို့ တင်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယားခေါင်းဆောင်သည် မာစီဒီးဘင့် ဇိမ်ခံမှန်လုံကားတစ်စီးပေါ်သို့ တက်၍ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။ ကင်ဂျုံအွန် စီးနင်းသော ယာဉ်လိုက်ပါလာသည့် ယာဉ်တန်းထဲတွင် အခြား သောယာဉ် အစီး ၂၀ ကျော်လည်း ပါဝင်သေးကြောင်း သိရသည်။

ကင်သည် ဇွန် ၁၀ ရက် နှောင်းပိုင်းတွင် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် တွေ့ဆုံလိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထိုစဉ် ထရန့်သည်  Air Force One လေယာဉ်ဖြင့် ကနေဒါမှ  စင်ကာပူသို့ ထွက်ခွာလာနေပြီဖြစ်သည်။

အာဏာပိုင်များသည် ထိပ်သီးအစည်း အဝေးကျင်းပမည့်နေရာနှင့် အခြားသက်ဆိုင်သော အဆင့်မြင့်ဟိုတယ်များတွင် တင်းကျပ်သည့် လုံခြုံရေးကို ပြဋ္ဌာန်းထားပြီး ကင် တည်းခိုမည့်နေရာတွင်မူ သတင်းထောက်များ၏ မြင်ကွင်းအား ကွယ်စေရန် ပန်းအိုးများကို ထပ်ချထားခဲ့ကြသည်။

ထရန့်သည် ပြီးခဲ့သည့် သီတင်းပတ်က ယခုထိပ်သီးသည် ဓာတ်ပုံရိုက်ခံပွဲ သက်သက်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် ယခုစင်ကာပူခရီးစဉ်ကို စတင်ချိန်တွင်မူ ထရန့်သည် လေသံပြောင်းသွားခဲ့ပြီး တစ်ကြိမ်သာ ကြိုးပမ်းမည်ဟု ဆိုသည်။ ထို့ပြင် သဘောတူညီချက် ရနိုင် မရနိုင်ကို လည်း ပထမ မိနစ်အတွင်းမှာပင် ၎င်း အနေနှင့် သိလိမ့်မည်ဟု ပြောကြားခဲ့သည်။

“အကယ်၍ အလုပ်ဖြစ်မယ်မထင်ဘူးဆိုရင် ကျွန်တော်အနေနဲ့ အချိန်ကုန်ခံမှာ မဟုတ်ပါဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

Most Read

Most Recent