လုံခြုံရေး တင်းကျပ်သည့် စင်ကာပူတွင် ထိပ်သီးအစည်းအဝေးကြောင့် ပို၍တင်းကျပ်မှုများရှိလာ

လုံခြုံရေး တင်းကျပ်သည့် စင်ကာပူတွင် ထိပ်သီးအစည်းအဝေးကြောင့် ပို၍တင်းကျပ်မှုများရှိလာ
Published 11 June 2018

ဇွန် ၈ ရက်က စင်ကာပူရှိ ရှန်ဂရီလာဟိုတယ်အပြင်ဘက်ရှိ လမ်းတစ်လမ်းတွင် လုံခြုံရေး သတိပေးဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (Photo: AFP)

ဇွန် ၁၂ ရက်တွင် ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး လက်ခံကျင်းပပေးရန် စင်ကာပူနိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းသည်ယင်း၏ တရားဥပဒေစိုးမိုးမှုတင်းကျပ်ရာတွင် နာမည်ကျော်ခြင်းကြောင့်ဟု ယူဆနိုင်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ မျက်နှာချင်းဆိုင် သမိုင်းဝင်ဆွေးနွေးပွဲ ကျင်းပရာ၌ လွယ်ကူချောမောစေရန် စင်ကာပူ၏ အဓိကနေရာများကို အလုံးစုံနီးနီး ပိတ်ချလိုက်ရေးအတွက် လမ်းများပေါ်သို့ ရဲများ (နီပေါဂေါ် ရခါးအထူးတပ်ဖွဲ့များ အပါအဝင်) စုပြုံရောက်ရှိလာကြတော့မည် ဖြစ်သည်။

ဆန္ဒပြပွဲများကို ကြိုတင်တားမြစ်ရန်အတွက် အချက်ပြမီးကျည်များ၊ နဖူးစည်းများ၊ အသံကျယ်စေသည့်အရာများကို ထိပ်သီးအစည်းအဝေးကျင်းပမည့် အဓိကနေရာအနီး မည်သည့်နေရာတွင်မဆို ယူဆောင်ခွင့် ပိတ်ပင်ထားသည်။ အဓိကနေရာများတွင် ကွန်ကရိတုံး အတားအဆီးများကို ချထားမည်ဖြစ်ပြီး အချို့သောလမ်းများတွင်မူ မြေကြီးထဲမှ ထောင်ထွက်လာမည့် သတ္တုအတားအဆီးများကိုလည်း ထားရှိဖွယ်ရှိသည်။

၂၀၀၆ ခုနှစ်က စင်ကာပူနိုင်ငံတွင် IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ အစည်းအဝေးကျင်းပစဉ်က လုံခြုံရေး ၂၃၀၀၀ ချထားခဲ့သည်။ ယခု တစ်ကြိမ်လုံခြုံရေးအင်အားတပ်ဖြန့်မှုမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်လာလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

စင်ကာပူနိုင်ငံသားများသည် တင်းကျပ်သော လုံခြုံရေးစည်းမျဉ်းများနှင့် အသားကျနေကြပြီး အများအားဖြင့် လက်ခံကြသူများလည်း ဖြစ်သည်။ မြေအောက်ရထားဘူတာရုံများတွင် ယူနီဖောင်းဝတ်ရဲများ၊ လေဆိပ်များ၌ လက်နက်ကိုင် စစ်သားများ၏ ကင်းလှည့်မှုများသည် စင်ကာပူတွင် ပုံမှန်မြင်ကွင်း တစ်ခုသာဖြစ်သည်။

ကြွယ်ဝသောနိုင်ငံငယ် စင်ကာပူသည် အကြမ်းဖက်တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်တစ်ခုလည်း ဖြစ်နေသဖြင့် လုံခြုံရေး အမြောက်အမြားချထားခြင်းသည် မဖြစ်မနေ လိုအပ်သည့် အရာဖြစ်သည့်အကြောင်း အစိုးရက နိုင်ငံသားများ၏ ခေါင်းထဲသို့ ရိုက်သွင်းထားသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။

သို့သော်လည်း ယခုချထားမည့် လွန်ကဲသော လုံခြုံရေးများသည် စင်ကာပူစံနှုန်းနှင့် တိုင်းတာလျှင်ပင် ရှားရှားပါးပါး ဖြစ်ဖွယ်ရှိနေပြီး လူဦးရေ ၅ ဒသမ ၆ သန်း၏ အစီအစဉ်တကျ လည်ပတ်နေသော နေ့စဉ်ဘဝများကိုပင် ထိခိုက်မှုရှိလာနိုင်မည် ဖြစ်သည်။

အထူးသဖြင့် မြို့ထဲလမ်းများအား ပိတ်ထားလိမ့်မည်ဖြစ်သဖြင့် လုံခြုံရေးစီစဉ်မှုများသည် ဆိုးဆိုးရွားရွား စိတ်မသက်မသာ ဖြစ်နိုင်သည်ဟု အသက် ၂၈ နှစ်အရွယ် ဂီတဆရာမ ဂျန်နစ်တန်က ပြောကြားခဲ့သည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးကို အရေးစိုက်ပေမယ့် သူတို့ရဲ့ ဆွေးနွေးပွဲကို တခြားနေရာမှာ သွားလုပ်ဖို့ မျှော်လင့်မိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အချက်ပြမီးကျည်များ၊ အသံချဲ့စက်များ ပိတ်ပင်ခြင်း

စင်ကာပူနိုင်ငံထဲတွင် ဆန္ဒပြပွဲများဖြစ်ပွားသည်မှာ ရှားပါးဖြစ်စဉ်ဖြစ်ပြီး ထိုသို့ဆန္ဒပြပွဲလုပ်ဆောင်ရန် ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း လမ်းပေါ်သို့ထွက်၍ ဆန္ဒပြရန် ကြိုးပမ်းသူအချို့ရှိ နိုင်သေးသည်ဆိုသည့် စိုးရိမ်မှုများကြောင့် အာဏာပိုင်တို့သည် အချက်ပြမီးကျည်များ၊ နဖူးစည်းများ၊ အသံချဲ့စက်များကို ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထရန့်တည်းခိုဖွယ်ရှိသည့် ရှန်ဂရီလာဟိုတယ်ရှိရာ စိမ်းစိုသော သံတမန်ရပ်ကွက်တစ်ခုနှင့် ဇွန် ၁၂ ရက်တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည့် အပန်းဖြေကျွန်း ဆင်တိုဆာတို့ အပါအဝင် နေရာအချို့တွင် အဆိုပါ ကန့်သတ်ချက်များ ချထားမည်ဖြစ်သည်။

ကင်နှင့် ထရန့်တို့၏ အဖွဲ့များ အနေနှင့် အဝင်အထွက်ချောမောစွာ လုပ်ဆောင်နိုင်စေရန် အာဏာပိုင်များသည် လေဆိပ်အသုံးပြုမှုကိုလည်း ကန့်သတ်ထားလိမ့်မည် ဖြစ်သည်။ သို့သော် ယင်းကန့်သတ်ချက်သည် ကမ္ဘာပေါ်တွင် လူအစည်ကားဆုံးလေဆိပ်တစ်ခုဖြစ်သော စင်ကာပူချန်ဂီလေဆိပ်အား အသုံးပြုသူများအတွက် အခက်အခဲ ဖြစ်လာစေမည်ဖြစ်သည်။

စင်ကာပူအာဏာပိုင်များသည် အစည်းအဝေးနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေပြီဖြစ်သည့်အကြောင်း လက္ခဏာများလည်း တွေ့နေရပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်းက အကြမ်းဖက်သမားဟု သံသယရှိခံရဖူးသည့် သြစတြေးလျနိုင်ငံသား တစ်ဦးသည် စင်ကာပူနိုင်ငံသို့ ဝင်ခွင့်မရဘဲနေရပ်သို့ ပြန်ပို့ခံလိုက်ရသည်။ ထိုအမျိုးသားကမူ ထိပ်သီးနီးနေသဖြင့် ယင်းသို့ ပြုမူခြင်းခံရသည်ဟု ယူဆနေသည်။

ကင်ဂျုံအွန်နှင့် ရုပ်တူသော အမျိုးသားတစ်ဦးမှာလည်း လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ စစ်ဆေးခြင်းကို နှစ်နာရီကြာ ရင်ဆိုင်လိုက်ရပြီး ထိပ်သီးအစည်းအဝေးနှင့် သက်ဆိုင်သည့်နေရာများသို့ မသွားရောက်ရန် သတိပေးခံ လိုက်ရသည်။ ထိုအမျိုးသား ယခင်က စင်ကာပူသို့လာဖူးသော်လည်း မည်သည့်အခက်အခဲမှ မကြုံခဲ့ရပေ။

ဆင်တိုဆာကျွန်းပေါ်တွင် ဟိုတယ်ဝန်ထမ်းများသည် မိမိနှင့် မသက်ဆိုင်သည့်နေရာသို့ သွားသူများကို ပြန်လွှတ်နေပြီး အမေရိကန်နှင့် စင်ကာပူအရပ်ဝတ်လုံခြုံရေးများကိုလည်း စင်ကာပူရေလက်ကြားကို စီးမြင်ရသည့် ဘားတစ်ခုတွင် တွေ့ရသည်ဟု အေအက်ဖ်ပီဓာတ်ပုံ ဆရာတစ်ဦးက ပြောကြားခဲ့သည်။

လုံခြုံရေးများမှာ လွန်ကဲနေသော်လည်း လေ့လာသူများကမူ ထိပ်သီးအစည်းအဝေး၏ မကြုံစဖူး သဘာဝကြောင့် လိုအပ်သည်ဟု ရှုမြင်နေကြသည်။ “စင်ကာပူသားတွေဟာ ယူနီဖောင်းဝတ်တွေကို မြင်နေရတာ အသားကျသူတွေပါ။ ဒီတစ်ကြိမ်မှာတော့ မြေပြင်မှာ ဖြန့်ထားတဲ့ လုံခြုံရေးတွေဟာ သူတို့တွေကိုတောင် တုံ့ဆိုင်းတွန့်ဆုတ်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ မဖြစ်မနေလိုအပ်တဲ့ကိစ္စပါ” ဟု S.Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းမှ သုတေသီတစ်ဦးဖြစ်သည့် ဂရာဟမ် အွန်ဝပ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent