သီရိလင်္ကာ၏ ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်များ ပျံသန်းမှု ရပ်ဆိုင်း

သီရိလင်္ကာ၏ ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်များ ပျံသန်းမှု ရပ်ဆိုင်း
Published 11 June 2018

၂၀၁၃ ခုနှစ် မတ် ၁၈ ရက်က Mattala လေဆိပ်သို့ သမ္မတဟောင်း ရာဂျာပက်ဆာကို တင်ဆောင်လာသည့်လေယာဉ် ဆင်းသက်လာစဉ် (Photo: AFP)

သီရိလင်္ကာ၏ ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုနေသည့် တစ်ခုတည်းသော လေကြောင်းလိုင်း FlyDubai က ၎င်း၏ နေ့စဉ်ပျံသန်းမှုများကို ဖျက်သိမ်းခဲ့ပြီးနောက် အကျပ်ဆိုက်နေသော ယင်းလေဆိပ်သည် ဇွန် ၈ ရက်မှစ၍ လေယာဉ်များပျံသန်းမှု ရပ်ဆိုင်းသွားမည်ဖြစ်သည်။

ယခင်သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျာပက်ဆာက တရုတ်ချေးငွေများဖြင့် တည်ဆောက်ခဲ့သော Mattala အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြို့တော်ကိုလံဘိုမှ မိုင် ၁၅၀ ခန့်အကွာတွင်ရှိပြီး ကားဖြင့် သွားပါက ငါးနာရီခန့် အချိန်ယူရသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တည်ရှိပြီး ဆောင်းခိုငှက်များ ရွှေ့ပြောင်းပျံသန်းကြသည့် လမ်းခရီးတွင်ရှိသော ယင်းလေဆိပ်သည် ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း လေယာဉ်များကို ငှက်များက အကြိမ်ကြိမ် တိုက်မိခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်နှစ်က သီရိလင်္ကာစစ်တပ်သည် သမင်များနှင့် ဆင်များကို ရှင်းလင်းရန်အတွက် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ခဲ့ရသည်။ ကနဦးတွင် ဒေါ်လာသန်း ၂၁၀ ရင်း နှီးမြှုပ်နှံခဲ့ရသော ယင်းလေဆိပ်သည် ရာဂျာပက်ဆာ၏ဇာတိမှ အလုပ်သမား ၅၅၀ ကို အလုပ်ပေးနိုင်ခဲ့သော်လည်း လေဆိပ်ဝန်ထမ်းများကို လစာပေးရန်အတွက်ပင် စီးပွားရေးအရ ရပ်တည်နိုင်ခဲ့ခြင်း မရှိပေ။

ရာဂျာပက်ဆာအစိုးရအဖွဲ့သည် မက်လုံးအမြောက်အမြားပေးပြီး စည်းရုံးခဲ့သောကြောင့် ကနဦးတွင် Air Arabia ကို လာရောက် ပြေးဆွဲရန် စည်းရုံးနိုင်ခဲ့သည်။ သို့သော်လည်း ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယင်းလေကြောင်းလိုင်းက နောက်ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် FlyDubai ရောက်လာခဲ့သည်။

Mattala လေဆိပ်သို့ သွားရောက်ပြေးဆွဲရမှုကို သီရိလင်္ကာ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Sri Lankan Airlines သည် ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး ထိုသို့ရပ်ဆိုင်းမှုကြောင့် နှစ်စဉ်ဒေါ်လာ ၁၈ သန်း သက်သာခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း Mattala လေဆိပ်သည် ကိုလံဘိုအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပျံသန်းသော လေယာဉ်ခရီးစဉ်များအတွက် အရေးပေါ် ဆင်းသက်နိုင်သော နေရာတစ် နေရာအဖြစ် ရှိနေဦးမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent