ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ပွဲ၌ တရားလက်လွတ် သတ်ဖြတ်မှုများကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ပွဲ၌ တရားလက်လွတ် သတ်ဖြတ်မှုများကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
Published 7 June 2018

ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီက မူးယစ်ဆေးဝါးနှိမ်နင်းသည့်စစ်ပွဲ၌ မူးယစ်ဆေးရောင်းဝယ်သူများဟု မသင်္ကာသူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရမှုအား ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein က ဇွန် ၆ ရက်တွင် ကန့်ကွက် ရှုတ်ချခဲ့ပြီး တရားလက်လွတ် သတ်ဖြတ်မှုများသည် မူးယစ်ဆေးဝါးနှိမ်နင်းမှုတွင် သင့်လျော်သည်ဟု မသတ်မှတ်နိုင်ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

မေ ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်လုံခြရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို စတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း လူ ၁၃၀ ခန့်သည် ပစ်သတ်ခံခဲ့ရသည်။ မက်သမ်ဖီ တမင်းနှင့် အခြားတရားမဝင် မူးယစ်ဆေးဝါး ပျံ့နှံ့မှုများအား ဟန့်တားရန် ရည်ရွယ်သော ဖိလစ်ပိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲပုံစံ နှိမ်နင်းမှုတွင် အခြားလူ ၁၅၀၀၀ သည်လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ လူအများအပြား သေဆုံးခဲ့ရမှုအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ ထို့ပြင် ပစ်သတ်ခံခဲ့ရသူတစ်ဦးချင်းစီသည် အပြစ်မကင်းကြောင်း ပြည်သူလူထုထံ ထုတ်ပြန်ခဲ့သော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ထုတ်ပြန်မှုကိုလည်း စိုးရိမ်မိကြောင်း Al Hussein က ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ထိုထုတ်ပြန်မှုများသည် အန္တရာယ်များပြီး ဥပဒေကို လုံး၀ အလေးထားမှုမရှိခြင်းကို ဖော်ပြနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု တစ်ရှိန်ထိုးမြင့်တက်လာခြင်းအား ထိန်းချုပ်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ ကဖင်းနှင့် မက်သမ်ဖီတမင်းတို့ဖြင့် ပြုလုပ်သော အလွန်ကျော်ကြားသည့် ယာဘ ဆေးပြားများအား တိုက်ဖျက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်က ကတိပြုထားသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ပြီးခဲ့သောနှစ်တွင် ယာဘဆေးပြားများအား စံချိန်တင် သန်း ၄၀ အထိ ဖမ်းဆီးမိခဲ့သော်လည်း အဓိက ထုတ်လုပ်သည့် မြန်မာနိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ အများအပြား ဝင်ရောက်လာမှုကြောင့်လည်း ခန့်မှန်းခြေ ဆေးပြားသန်း ၂၅၀ မှ ၃၀၀ အထိသည် ဈေးကွက်ထဲသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်ကြိမ်တည်းဖြင့် ဆေးပြားနှစ်သန်းနီးပါးအား ဖမ်းဆီးမိမှုအပါအဝင် ယခုနှစ်၏ ပထမသုံးလအတွင်း ယာဘဆေးပြား ကိုးသန်းအထိ ဖမ်းမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ခဲ့သည်။

ထိုမူးယစ်ဆေးဝါးနှိမ်နင်းမှုအတွင်း တရားလက်လွတ် သတ်ဖြတ်မှုများအား စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်သူများအား တာဝန်ခံစေရန်အတွက် လုပ်ဆောင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဘင်္ဂလားဒေ့ရှ် အစိုးရအား တိုက်တွန်းခဲ့သည်။

Ref: AFP

Most Read

Most Recent