တရုတ်ဖုန်းကုမ္ပဏီများက အသုံးပြုသူများ၏ အချက်အလက်များကို ကြည့်ရှုခွင့်ရခဲ့ဟု Facebook က ပြောကြား

တရုတ်ဖုန်းကုမ္ပဏီများက အသုံးပြုသူများ၏ အချက်အလက်များကို ကြည့်ရှုခွင့်ရခဲ့ဟု Facebook က ပြောကြား
Published 7 June 2018

Photo: AFP

အသုံးပြုသူများ၏ အချက်အလက်များအား ကြည့်ရှုခွင့်ရခဲ့သည့် ဖုန်းကုမ္ပဏီများတွင် အမေရိကန်က အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဟု ယူဆသည့် တရုတ်ဖုန်းကုမ္ပဏီ တစ်ခုလည်း ပါဝင်သည်ဟု Facebook က ဇွန် ၅ ရက်တွင် အတည်ပြုခဲ့သည်။ Huawei က ၎င်း၏ ဖုန်းများတွင် ထိပ်တန်းလူမှုကွန်ရက် Facebook ၏ ဆော့ဖ်ဝဲများကို လည်ပတ်ရန်အတွက် Facebook သုံးစွဲသူများ၏ အချက်အလက်များကို ရယူကြည့်ရှုနိုင်ခဲ့ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် Facebook က ထုတ်ပြန်ခဲ့သည်။

Facebook သည် ၎င်း၏ ဝန်ဆောင်မှုများအား ဖုန်းများတွင် အသုံးပြုနိုင်ရန်အတွက် အခြားအမေရိကန် နည်းပညာကုမ္ပဏီများ၊ အခြားတရုတ်ဖုန်းကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ Huawei တွင် အဆိုပါ ဝန်ဆောင်မှုများ အသုံးပြုမှုများမှ အချက်အလက်အားလုံးသည် Huawei ဖုန်းတွင်သာ သိုလှောင် သိမ်းဆည်းခဲ့ပြီး Huawei ဆာဗာများတွင် သိမ်းဆည်းခဲ့ခြင်း မရှိကြောင်းကို ကွန်ဂရက်မှ စိတ်ဝင်စားမှုကြောင့် ရှင်းရှင်းလင်းလင်း ပြောကြားလိုသည်ဟု Facebook ၏ မိုဘိုင်းဖုန်းမိတ်ဖက်များဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖရန်စစ္စကိုဗာရယ်လာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Facebook သည် Lenovo၊ OPPO နှင့် TCL စသည့် တရုတ်ဖုန်းကုမ္ပဏီများနှင့်လည်း သုံးစွဲသူများ၏ အချက်အလက်များကို ရယူခွင့်ဆိုင်ရာ သဘောတူညီချက်များ ရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: AFP