မိုဘိုင်းဖုန်းထုတ်လုပ်သူများက Facebook အသုံးပြုသူများ၏ အချက်အလက်များကို ရယူခဲ့

မိုဘိုင်းဖုန်းထုတ်လုပ်သူများက Facebook အသုံးပြုသူများ၏ အချက်အလက်များကို ရယူခဲ့
Published 6 June 2018

Facebook အသုံးပြုသူများနှင့် ၎င်းတို့၏ မိတ်ဆွေများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မိုဘိုင်းဖုန်းထုတ်လုပ်သူများက ရယူသုံးစွဲခဲ့သည်ဆိုသော ပုဂ္ဂိုလ်ရေး လုံခြုံမှုအလွဲသုံးစားပြုခြင်းနှင့် ပတ်သက်ပြီး သိရှိခြင်းမရှိကြောင်း Facebook  က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

Apple ၊ Samsung၊ HTC ၊ Microsoft နှင့် Amazon ကဲ့သို့သော မိုဘိုင်းကိရိယာ ထုတ်လုပ်ရေး ကုမ္ပဏီများသည် Facebook အသုံးပြုသူများ၏ မိတ်ဆွေများနှင့် သက်ဆိုင်သော အချက်အလက်များကို ရယူသုံးစွဲနိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ပြီးနောက် Facebook ၏ငြင်းဆိုချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စမတ်ဖုန်းများ၌ Facebook မတွင် ကျယ်မီလွန်ခဲ့သည့်နှစ်များစွာက မိုဘိုင်းကိရိယာ ထုတ်လုပ်သူများနှင့် အချက်အလက် မျှဝေမှုကို သဘောတူညီခဲ့ကြောင်း၊ ယင်းသဘောတူညီချက်ကြောင့် Facebook သည် ပို၍ တွင်ကျယ်လာခဲ့ကြောင်း စမတ်ဖုန်းနှင့် အခြားမိုဘိုင်းကိရိယာ ထုတ်လုပ်သူများသည် Facebook ၏ လူကြိုက်များသော နည်းပညာများကို ပျံ့နှံ့စေရန် ဆောင်ရွက်နိုင်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

၂၀၁၁ ခုနှစ်တွင် Facebook သည် အချက်အလက်များ မျှဝေရန်အတွက် သုံးစွဲသူ၏ ခွင့်ပြုချက်ကို ရယူရမည်ဟု FTC ၏ ဆုံးဖြတ်ချက်ကို သဘောတူညီခဲ့ပြီး နောက်ပိုင်းတွင်လည်း မိုဘိုင်းဖုန်း ကုမ္ပဏီများက Facebook အသုံးပြုသူများ၏ အချက်အလက်များကို ဆက်လက်ရယူနေခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ၏ အတိုင်ပင်ခံလုပ်ငန်း Cambridge Analytica  က Facebook အသုံးပြုသူ ၈၇ သန်း၏ အချက်အလက်များကို ရယူသုံးစွဲခဲ့မှုအတွက် ယခုနှစ်အစောပိုင်းတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော Facebook က နယူးယောက်တိုင်းမ်၏ ဖော်ပြချက်ကို မငြင်းဆိုခဲ့ဘဲ ယင်းဖော်ပြချက်များနှင့် ပတ်သက်၍ သဘောမတူညီဟု ပြောကြားခဲ့သည်။

စမတ်ဖုန်းများတွင် လူမှုမီဒီယာအတွေ့အကြုံများ စံကိုက်မဖြစ်မီကပင် မိုဘိုင်းဖုန်း ထုတ်လုပ်သူများသည် ၎င်းတို့၏ ဖုန်းများတွင် Facebook ၏ ဝန်ဆောင်မှုများ လက်ခံနိုင်ရေးအတွက် ကုမ္ပဏီနှင့်ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း Facebook က ပြောကြားခဲ့သည်။

Facebook နှင့် ပူးပေါင်းဆောင်ရွက်သူများသည် အသုံးပြုသူ၏ ခွင့်ပြုချက်မရရှိပါက ၎င်းတို့၏ ကိရိယာများ၌ Facebook ၏ နည်းပညာများ ချောမွေ့စွာ ပေါင်းစပ်အသုံးပြုနိုင်ရန် မဖြစ်နိုင်ကြောင်း Facebook မှ ထုတ်ကုန်မိတ်ဖက်ပြုမှုဆိုင်ရာ ဒုဥက္ကဋ္ဌ အီမီအာကီဘောင်က ပြောကြားခဲ့သည်။

ထို့ပြင် မိတ်ဖက်ကုမ္ပဏီများက Facebook အသုံးပြုသူများ၏ အချက်အလက်များ အလွဲသုံးစားပြုခဲ့ကြောင်း သိရှိခဲ့ခြင်းမရှိဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent