ထရန့်-ကင် ပထမဆုံးထိပ်သီး အစည်းအဝေးကို ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် ပြုလုပ်မည်

ထရန့်-ကင် ပထမဆုံးထိပ်သီး အစည်းအဝေးကို ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် ပြုလုပ်မည်
Published 6 June 2018

ဇွန် ၁ ရက်က စင်ကာပူတွင် ရှန်ဂရီလာဆွေးနွေးပွဲ ကျင်းပနေသည့် ဟိုတယ်၌ စောင့်ကြပ်နေသည့် ဂေါ်ရခါးစစ်သားများကို တွေ့ရစဉ် (Photo - Reuters)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ပထမဆုံး တွေ့ဆုံမှုကို စင်ကာပူနိုင်ငံတွင် ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ဇွန် ၁၂ ရက်ထိပ်သီးအတွက် ကျွန်မတို့တတွေ အားသွန်ခွန်စိုက် ပြင်ဆင်နေကြပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးက အစည်းအဝေးကျင်းပချိန်ကို ကြေညာစဉ် ထည့်သွင်းပြောကြားခဲ့သည်။ “အခြေအနေတွေဟာ ရှေ့ဆက်သွားနေပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ကျွန်မတို့ ခံစားရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်ရေး၊ လုံခြုံရေး၊ နည်းပညာပိုင်းနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများပါဝင်သော အိမ်ဖြူတော်မှ အဆင့်မြင့်အဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံ စင်ကာပူတွင် အသင့်ဖြစ်နေပြီဖြစ်သည်ဟု ဆန်းဒါးက ပြောကြားခဲ့သည်။ “ပြင်ဆင်မှုတွေကို အပြီးသတ်နေတဲ့ သူတို့ဟာ ထိပ်သီးစတင်တဲ့အချိန်အထိ အသင့်ရှိကြနေမှာ ဖြစ်ပါတယ်” ဟု ဆန်းဒါးက ဆိုသည်။

သမိုင်းဝင်ထိပ်သီးအစည်းအဝေးအား ကျင်းပရန် နီးကပ်လာစဉ် ထရန့်သည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့ထံမှ မြောက်ကိုရီးယားနှင့်ပတ်သက်၍ နေ့စဉ်ရှင်းလင်း ပြောပြချက်များကိုလည်း ရရှိနေသည်ဟု ၎င်းက ဆိုသည်။

ထရန့်က ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အကောင်းဆုံး စေ့စပ်ဆွေးနွေးသူဟု ဆိုနေသော်လည်း ကျွမ်းကျင်သူများက ထရန့်သည် မြောက်ကိုရီးယားအကြောင်း၊ လက်နက်ထိန်းချုပ်ရေးအကြောင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သံတမန်ရေးအကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်သာ သိရှိနားလည်ထား သည်ဟုဆိုကာ စိုးရိမ်နေကြသည်။

မကြာခဏ အပြောင်းအလဲဖြစ်နေခဲ့သည့် ယခုထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားစီမံကိန်းအား စွန့်လွှတ်ရန် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုက အဓိကကျလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

ရှန်ဂရီလာဟိုတယ်တွင် ကျင်းပဖွယ်ရှိ

စင်ကာပူအစိုးရ၏ ဇွန် ၃ ရက်က ထုတ်ပြန်ချက်တွင် စင်ကာပူမြို့လယ်မှ ရပ်ကွက်တစ်ခုကို ဇွန် ၁၀ ရက်မှ ၁၄ ရက်ကာလအတွင်း အထူးအခမ်းအနားကျင်းပမည့် နေရာအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ယင်း၏အဓိပ္ပာယ်မှာ ထိပ်သီးအစည်း အဝေးကို ထိုဇုန်ထဲရှိနေရာတစ်ခုတွင် ကျင်းပဖွယ်ရှိသည့် သဘောဖြစ်သည်။

အဆိုပါ ဇုန်နေရာတွင် Grand Hyatt ၊ St Regis အစရှိသော အဆင့်မြင့်ဟိုတယ်များစွာ တည်ရှိသော်လည်း လုံခြုံရေးကျွမ်းကျင်သူများက သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ရှန်ဂရီလာတွင်သာ ပြုလုပ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ရှန်ဂရီလာတွင် လုံခြုံရေးအားသာချက် ရှိသည့်အတွက် အခမ်းအနားအများအပြားက ယင်းနေရာတွင် ကျင်းပရန်ရွေးချယ်လေ့ရှိကြခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ထိပ်သီးအစည်းအဝေးသည် ဟိုတယ်တစ်ခု၌ ပြုလုပ်ဖြစ်မည်ဆိုပါက ခေါင်းဆောင်များသည် ထိုနေရာတွင် ညအိပ်မည် သို့မဟုတ် နောက်တစ်နေရာသို့ ရွှေ့ပြောင်းမည်ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ပေးရန် ရောက်ရှိနေသည့် မြောက်ကိုရီးယား အစိုးရအရာရှိမှာမူ Fullerton ဟိုတယ်တွင် တည်းခိုနေသဖြင့် ကင်ဂျုံအွန်သည် ထိုဟိုတယ်တွင် တည်းခိုဖွယ်ရှိသည်ဆိုသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent