မာဆေးရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ကားဖြင့်ဝင်တိုက်မှုကြောင့် လူတစ်ဦး သေဆုံး

မာဆေးရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ကားဖြင့်ဝင်တိုက်မှုကြောင့် လူတစ်ဦး သေဆုံး
Published 22 August 2017

သြဂုတ် ၂၁ ရက်က မာဆေးတွင် ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ၌ စစ်ဆေးနေသော ပြင်သစ်မှုခင်းဆေးပညာရှင်များ (Photo: AFP)

ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ မာဆေးမြို့တွင် ဘတ်စ်ကားမှတ်တိုင်နှစ်ခု၌ သြဂုတ် ၂၁ ရက်တွင် ကားဖြင့်ဝင်တိုက်မှုများကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ကားဖြင့်ဝင်တိုက်ခဲ့သူဟု သံသယရှိသူအား ဖမ်းမိထားကြောင်း ယင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယင်းကားဖြင့် ဝင်တိုက်မှုသည် ဒေသစံတော်ချိန်နံနက် ၉ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်သော သတင်းရင်းမြစ်တစ်ဦးကလည်း ပြောကြားခဲ့သည်။

Renault ကားသည် မာဆေးရှိ အမှတ် ၁၃ ခရိုင်မှ ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ အရှိန်ဖြင့် မောင်းဝင်ခဲ့ရာ လူတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ယင်းနောက် အမှတ်-၁၁ ခရိုင်ရှိ နောက်ထပ်ဘတ်စ်ကား မှတ်တိုင်တစ်ခုအား အရှိန်ဖြင့် မောင်းဝင်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူသည် ဘတ်စ်ကားမှတ်တိုင်၌ တစ်ယောက်တည်း ဘတ်စ်ကားစောင့်နေသော အသက် ၄၀ အရွယ် အမျိုးသမီးဖြစ်ကြောင်း အမှတ် ၁၁ နှင့် ၁၂ ခရိုင်များ၏ မြို့တော်ဝန်ဖြစ်သူ ဂျူလီယန်ရာဗီယာက BFMTV ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကားဖြင့်ဝင်တိုက်ခဲ့သူသည် အသက် ၃၅ နှစ်ဝန်းကျင် အရွယ်ဖြစ်ပြီး မာဆေးမှ မဟုတ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကမူ ယင်းကားသည် ဗင်ကားဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကားဖြင့် ဝင်တိုက်မှုအား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြင်သစ် အစိုးရရှေ့နေက ပြောကြားခဲ့သည်။

ကားဖြင့်ဝင်တိုက်မှုအား မြင်တွေ့ခဲ့ရသူတစ်ဦးက ကားနံပါတ်ပြားကို မှတ်ခဲ့ပြီး တိုင်ကြားခဲ့သဖြင့် ရဲများက မာဆေးဆိပ်ကမ်းဟောင်းခရိုင်၌ ခြေရာခံနိုင်ခဲ့ပြီး သံသယရှိသူအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း BFMTV က ထုတ်လွှင့်ခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းဆိပ်ကမ်းနေရာကို ပိတ်ဆို့ခဲ့ပြီး ခရီးသွားများဖြင့် စည်ကားသော ယင်းကပ်လျက်ဒေသကို ရှောင်လွဲှရန် ဒေသခံများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော သီတင်းပတ်တွင် ဘာစီလိုနာမြို့၌ လူ ၁၃ ဦး သေဆုံးခဲ့ရသည့် လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းအား ဥရောပတစ်ဝန်း၌ လိုက်လံရှာဖွေနေစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းယာဉ်မောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်ဟု ကာတာလိုနီးယားရှိ ရဲတပ်ဖွဲ့က Twitter တွင် ကြေညာခဲ့သော်လည်း အမည်ကိုမူ မဖော်ပြခဲ့ပေ။ သို့သော် ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ယော်ကွင်းဖွန်းက ယင်းဗင်ကားယာဉ်မောင်းသည် အသက် ၂၂ နှစ်ရှိ မော်ရိုကိုနိုင်ငံသား ယူနက်အဘူယာကွတ်ဖြစ်ကြောင်း သေချာနေသည်ဟု အသံလွှင့်ဌာနတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent