လက်ဘနွန်စစ်တပ်က ဆီးရီးယားနှင့် နယ်စပ်တွင် IS တို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့

လက်ဘနွန်စစ်တပ်က ဆီးရီးယားနှင့် နယ်စပ်တွင် IS တို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့
Published 22 August 2017

လက်ဘနွန်စစ်တပ်သည် ဆီးရီးယား နယ်စပ်တစ်လျှောက်တွင် IS တို့ကို ထိုးစစ်အရှိန်မြှင့်တင်နေပြီး သြဂုတ် ၂၀ ရက်က မိုင်းပေါက်ကွဲမှုကြောင့် လက်ဘနွန်စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်စစ်ဘက်က ပြောကြားခဲ့သည်။

လက်ဘနွန်သည် သြဂုတ် ၁၉ ရက် အစောပိုင်းမှစပြီး ဂျူရက်ရာဘာဘက်နှင့် ဂျူရက်အယ်ကာဒေသတို့တွင် ထိုးစစ်စတင်ခဲ့ပြီး ယင်းနယ်မြေ၏ သုံးပုံနှစ်နီးပါးကို လက်ဘနွန်စစ်တပ်က သိမ်းယူခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း IS တို့ကို ယင်းနယ်မြေမှ အပြီးတိုင် ချေမှုန်းရေးသည် ခက်ခဲမည်ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက သြဂုတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။ IS ထိုးစစ်ကို ပူးပေါင်းရန် ရောက်ရှိလာသော စစ်သားသုံးဦးသည် သြဂုတ် ၂၀ ရက်တွင် မြေမြှုပ်မိုင်းထိမှန်၍ သေဆုံးခဲ့ကြောင်း လက်ဘနွန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်းဆီးရီးယားနှင့် အီရတ်တွင် IS တို့အထိနာနေချိန်တွင် လက်ဘနွန်က အကြမ်းဖက်သမားများကို ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ အီရတ်ရှိ IS တို့၏ခြေကုပ် တယ်အာဖာကို ထိုးစစ်ဆင်ခဲ့ကြောင်း အီရတ်အစိုးရက သြဂုတ် ၂၀ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။

ဆီးရီးယားနှင့် နယ်စပ်တွင် IS တို့သည် စတုရန်းကီလိုမီတာ ၁၂၀ ပတ်လည်ခန့်အား ထိန်းချုပ်ထားခဲ့ပြီး နယ်စပ်တွင် IS ၆၀၀ ခန့်ရှိကြောင်း လက်ဘနွန်စစ်တပ်က ပြောကြားခဲ့သည်။

လက်ဘနွန်စစ်သွေးကြွအုပ်စု ဟစ်ဇ်ဘိုလာက IS နှင့် အယ်လ်ကေးဒါးအဖွဲ့ခွဲဟောင်းတစ်ခုကို ခြောက်ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် လက်ဘနွန်စစ်တပ်၏ ထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်စစ်တပ်က ဟစ်ဇ်ဘိုလာ၊ ဆီးရီးယားစစ်တပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

IS တို့က အနောက်ဘက် ကာလာမန်ဒေသတွင် လက်ဘနွန်စစ်သားနှင့် ဟစ်ဇ်ဘိုလာသူပုန် ၁၀၀ နီးပါးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် နယ်စပ်လက်ဘနွန် အရှေ့ဘက် လုံခြုံရေးသည် စိုးရိမ်စရာတစ်ခု ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဂျီဟတ်တို့က နယ်စပ်ရှိ အာဆယ်မြို့ကို ကျူးကျော်ခဲ့ပြီး လက်ဘနွန် စစ်သားနှင့်ရဲ ၃၀ ခန့်ကို ပြန်ပေးဆွဲခဲ့သည်။ ထို့နောက် ဓားစာခံလေးဦးကို ကွပ်မျက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ ယင်းဓားစာခံများ အနက် ၁၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး IS တို့လက်ထဲတွင် စစ်သားကိုးဦး ရှိနေဆဲဟု ယူဆထားကြသည်။ စပိန်တွင် ကားဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့မှု အပါအဝင် နိုင်ငံတကာနှင့် တိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း IS တို့က ကြေညာခဲ့ပြီးနောက် လက်ဘနွန်က ထိုးစစ်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

သြဂုတ် ၁၉ ရက်က ထိုးစစ်စတင်ခဲ့ပြီးနောက် တိုက်ပွဲများတွင် IS ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး လက်ဘနွန်စစ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် နာဇင်ဂျရိက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent