စက်ရုပ်လက်နက်များ၏ ပန်ဒိုရာသေတ္တာနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ခေါင်းဆောင်များက သတိပေး

စက်ရုပ်လက်နက်များ၏ ပန်ဒိုရာသေတ္တာနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ခေါင်းဆောင်များက သတိပေး
Published 22 August 2017

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တိုကျိုတွင် နှစ်စဉ်ပြုလုပ်နေကျ အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြပွဲ၌ သဘာဝဘေးကျရောက်စဉ် အသုံးပြုသည့် စက်ရုပ်များအား သရုပ်ပြနေစဉ် (Photo: AFP)

လူသတ်စက်ရုပ်များကို တစ်ကမ္ဘာလုံး၌ ပိတ်ပင်ရန်အတွက် အီလန်မက်စ်က ဦးဆောင်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ နည်းပညာဆိုင်ရာ တိုးတက်မှုများသည် စစ်ပွဲများကို တော်လှန်ပြောင်းလဲပစ်နိုင်ပြီး အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားသည့် ကြောက်မက်ဖွယ် လက်နက်အသစ်များ ဖန်တီးနိုင်သည်ဟု ၎င်းက သတိပေးခဲ့သည်။

Tesla နှင့် Space X ကုမ္ပဏီတို့၏ စီအီးအိုက အလိုအလျောက် တိုက်ခိုက်သည့် လက်နက်များ ဖွံ့ဖြိုးမှုကို ကာကွယ်ရန်အတွက် အရေးယူ ဆောင်ရွက်ရန် ကုလသမဂ္ဂသို့ တောင်းဆိုသည့်စာတစ်စောင်ကို လက်မှတ်ရေးထိုးရာ၌ စက်ရုပ်နှင့် လူလုပ်အသိဉာဏ်နှင့် ပတ်သက်သော စွန့်ဦးတီထွင်သူပေါင်း ၁၀၀ ကျော်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။

“အလိုအလျောက် သတ်ဖြတ်တဲ့လက်နက်တွေဟာ စစ်တိုက်ရာမှာ တတိယမြောက် တော်လှန်ရေးဖြစ်လာဖို့ ခြိမ်းခြောက်နေပါတယ်” ဟု ဂူဂယ်ကုမ္ပဏီခွဲ DeepMind ကို ပူးတွဲတည်ထောင်သူ မူစတာဖာဆူလေမန် အပါအဝင် နည်းပညာခေါင်းဆောင် ၁၁၆ ဦးက လက်မှတ်ရေးထိုးသော ထုတ်ပြန်ချက်တစ်ရပ်၌ သတိပေးထားသည်။

“အဲဒီလက်နက်တွေ ဖွံ့ဖြိုးလာရင် အရင်ကထက် ပိုပြီးကြီးမားတဲ့ အတိုင်းအတာနဲ့ လူသားတွေ လိုက်မီတာထက် ပိုပြီးမြန်ဆန်တဲ့ အချိန်အတိုင်းအတာနဲ့ တိုက်ခိုက်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြစ်စေမှာဖြစ်ပါတယ်” ဟုလည်း ယင်းထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဆန်းသစ်တီထွင်သူများက မသမာသူတို့၏လက်ထဲသို့ နည်းပညာ ရောက်ရှိသွားနိုင်သည့် အန္တရာယ်ကိုလည်း အထူးပြု သတိပေးခဲ့သည်။

“အဲဒီလက်နက်တွေဟာ ကြောက်မက်ဖွယ်လက်နက်တွေ၊ အာဏာရှင်တွေနဲ့ အကြမ်းဖက်သမားတွေက အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်နက်တွေ မလိုလားအပ်ဖွယ် နည်းလမ်းတွေနဲ့ အသုံးပြုတဲ့လက်နက်တွေ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ဖို့ အချိန်အကြာကြီးရမှာ မဟုတ်ပါဘူး။ ပန်ဒိုရာသေတ္တာ ပွင့်သွားတာနဲ့ ပိတ်ဖို့ခက်ခဲသွားပါပြီ” ဟုလည်း အဆိုပါ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

မက်စ်နှင့် ဗြိတိသျှနက္ခတ္တ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းတို့နှစ်ဦးစလုံးက လူလုပ်အသိဉာဏ်နှင့် ပတ်သက်သော အန္တရာယ်များကို ပုံမှန်သတိပေးခဲ့ကြသည်။

သြဂုတ် ၁၄ ရက်ကတည်းက မဲလ်ဘုန်းမြို့တွင် ကမ္ဘာ့ထိပ်တန်းပညာရှင် ၂၀၀၀ တက်ရောက်လျက်ရှိသည့် လူလုပ်အသိဉာဏ်နှင့် ပတ်သက်သော နိုင်ငံတကာပူးတွဲ ညီလာခံတစ်ရပ်ကို ကျင်းပနေစဉ် အလိုအလျောက် သတ်ဖြတ်သော လက်နက်များနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent