တောင်အာရှရေကြီးမှုအတွင်း လူ ၇၀၀ ထက်မနည်းသေဆုံး

တောင်အာရှရေကြီးမှုအတွင်း လူ ၇၀၀ ထက်မနည်းသေဆုံး
Published 22 August 2017

သြဂုတ် ၁၈ ရက်က ဘီဟာပြည်နယ်တွင် တံတားအပိုင်း ရေထဲမျောပါခဲ့ပြီးနောက် ကြိုးနှင့် ဖောင်ဖြင့်ကူးရန် ကြိုးစားနေသည့် ရွာသားများ (Photo: AFP)

တောင်အာရှဒေသတစ်ဝန်း၌ မုတ်သုံရာသီ ရေကြီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ် ပေါ်နေစဉ် သြဂုတ် ၂၁ ရက်က သေဆုံးသူဦးရေသည် ၇၀၀ ကျော်အထိ မြင့်တက်လာပြီး လူတစ်သန်းကျော် နေအိမ်များမှာ စွန့်ခွာထွက်ပြေးခဲ့ရပြီဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။

သြဂုတ် ၁၀ ရက်ကတည်းက စတင်ခဲ့သော ရေကြီးမှုများကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တစ်ဝန်း၌ တစ်ညတာအတွင်းမှာပင် သေဆုံးသူ ၁၀၀ ထက်မနည်း ထပ်တိုးလာခဲ့သည်ဟု သိရသည်။ ရေများ စတင်ကျဆင်းလာသည့် နေရာအချို့မှ အလောင်း ၅၃ လောင်းကို တွေ့ခဲ့ရသည်ဟု အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ စုစုပေါင်း သေဆုံးသူ ၂၀၅ ဦးရှိပြီဖြစ်ပြီး အစိုးရကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြသူ ၄၀၀,၀၀၀ နီးပါရှိပြီဖြစ်ကာ ရေကြီးမှုဒဏ်ကိုခံရသူ ၁၀ သန်းခန့် ရှိနေသည်။ လူနှစ်သန်းကျော် ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် အိမ်နီးချင်း ဥတာရာပရာဒေ့ရှ်ပြည်နယ်တွင်မူ သေဆုံးသူ ၆၉ ဦးရှိကြောင်း သိရသည်။

ထိုအိန္ဒိယပြည်နယ်နှစ်ခုစလုံးသည် နီပေါနိုင်ငံနှင့် ထိစပ်နေပြီး နီပေါတွင်မူ ရေကြီးမှုကြောင့် ၁၃၅ ဦးသေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေသည်။

ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၅ ဒသမ ၇ သန်းခန့် ရေကြီးမှုနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ ၁၁၅ ဦးရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ထဲတွင်ရှိသော ခရိုင် ၆၄ ခုအနက် ၃၁ ခုသည် ရေကြီးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent