နေတိုးအုပ်စု၏ အရှေ့ဘက် စစ်မျက်နှာတွင် အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုကြီးများ စတင်

နေတိုးအုပ်စု၏ အရှေ့ဘက် စစ်မျက်နှာတွင် အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုကြီးများ စတင်
Published 4 June 2018

၂၀၁၇ ခုနှစ်က ပိုလန်တွင် ပြုလုပ်ခဲ့သော Saber Strike စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်သားများအား တွေ့ရစဉ် (Photo: AFP)

ပိုလန်နှင့် ဘော်လတစ်နိုင်ငံများတွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများသည် ဇွန် ၃ ရက်က စတင်ပြီဖြစ်သည်။ ရန်လိုမှု မြင့်တက်လာသော ရုရှားနှင့် ရင်ဆိုင်နေရစဉ် နေတိုးမဟာမိတ်အုပ်စု အရှေ့ဘက်စစ်မျက်နှာမှ တိုက်ပွဲဝင်ရန် အသင့်ရှိနေမှုကို မြှင့်တင်ရေးအတွက် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

ဇွန် ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်သော ရှစ်ကြိမ်မြောက် Saber Strike စစ်ရေးလေ့ကျင်မှုများထဲတွင် နေတိုးအဖွဲ့ဝင် အများစုဖြစ်သော နိုင်ငံပေါင်း ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၈,၀၀၀ ခန့် ပါဝင်ကြသည်။ တစ်ချိန်တည်းမှာပင် ပိုလန်အစိုးရသည် အမေရိကန်တပ်ဖွဲ့များကို ၎င်း၏နိုင်ငံထဲ၌ အမြဲတမ်းတပ်စွဲထား ခွင့်ပြုရန် အဆိုပြုချက်တစ်ခုအား စဉ်းစားနေသည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။

ပိုလန်ထဲ၌ အမေရိကန်တင့်ကားတပ်ဖွဲ့တစ်ခု တပ်စွဲထားမည့် စရိတ်ကိုကာမိစေရန် အစိုးရသည် ဒေါ်လာ ၁ ဒသမ ၅ မှ ၂ ဘီလျံကြား သုံးစွဲနိုင်သည့်အကြောင်း ဖော်ပြထားသော ပိုလန်ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များသည် ယခုသီတင်းပတ် အတွင်းက ထွက်ပေါ်လာခြင်းဖြစ်သည်။ ရုရှားကမူ ယင်းကဲ့သို့ တပ်စွဲမှုမျိုးသည် ဒေသတွင်း၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် မည်သို့မျှ အကျိုးဖြစ်ထွန်းစေမည် မဟုတ်ဟု ချက်ချင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်လိုက်သည့် အချိန်ကတည်းက နေတိုး၏ အရှေ့ဘက်စစ်မျက်နှာ (အထူးသဖြင့် ပိုလန်နိုင်ငံ) တွင် အမေရိကန်၏ တည်ရှိမှုမှာ ပိုမိုကြီးထွားလာခဲ့သည်။

၂၀၁၇ ခုနှစ် မေလကမူ အမေရိကန် စစ်တပ်သည် နေတိုးနှင့် ပင်တဂွန်စစ်ဆင်ရေးတို့အတွက် ဒေသတွင်း၌ တပ်ဖြန့်ထားသော ၎င်း၏ တပ်ဖွဲ့ဝင် ၆,၀၀၀ ကို ကွပ်ကဲရန် ပိုလန်တွင် ဥရောပဌာနချုပ်သစ်တစ်ခုကို ထူထောင်ခဲ့သည်။ ထိုလုပ်ရပ်သည် စစ်အေးခေတ်နောက်ပိုင်း ဥရောပထဲ၌ အမေရိကန် စစ်တပ်၏ အကြီးဆုံး တပ်ဖြန့်မှုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် အမေရိကန်သည် ပိုလန်ထဲမှ နိုင်ငံပေါင်းစုံ ပါဝင်သော နေတိုးတိုက်ပွဲဝင် အုပ်စုတစ်ခုကိုလည်း ဦးဆောင်လျက်ရှိသည်။ အနီးရှိ ဘော်လတစ်နိုင်ငံများဖြစ်သော အက်စတိုးနီးယား၊ လက်ဗီးယား၊ လစ်သူယေးနီးယားနိုင်ငံထဲမှ အခြားစစ်အုပ်စုသုံးခုကိုမူ ဂျာမနီ၊ ဗြိတိန်နှင့် ကနေဒါတို့က ဦးစီးလျက်ရှိသည်။ အဆိုပါ ဘော်လတစ်သုံးနိုင်ငံတွင်လည်း ယခု Saber Strike စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်သည်။

ပိုလန်သည် ဒေါ်လာ ၄ ဒသမ ၇၅ ဘီလျံ တန်ဖိုးရှိသော အမေရိကန်လုပ် Patriot ဒုံးခွင်းစနစ်ကြီးကို ဝယ်ယူရန်လည်း မတ်လကပင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ပိုလန်၏ လက်နက်ဝယ်ယူရေး သဘောတူညီချက်များအနက် အကြီးဆုံး ဖြစ်လာခဲ့သည်။

Ref: AFP

Most Read

Most Recent