ထရန့်-ကင် မုန်တိုင်းကြီးအတွက် တည်ငြိမ်အေးဆေးသော စင်ကာပူတို့ ပြင်ဆင်နေ

ထရန့်-ကင် မုန်တိုင်းကြီးအတွက် တည်ငြိမ်အေးဆေးသော စင်ကာပူတို့ ပြင်ဆင်နေ
Published 3 June 2018

စင်ကာပူတွင် မေ ၂၇ ရက်က Merlion ပန်းခြံထဲရှိ Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်းအား မြင်ရသည့်နေရာတွင် ဧည့်သည်များ ရှုခင်းကြည့်နေသည်ကို တွေ့ရစဉ် (Photo: AFP)

ထောင်နှင့်ချီသော ဂျာနယ်လစ်များသည် ကမ္ဘာ့အကြီးဆုံး မီဒီယာဆပ်ကပ်ပွဲကြီးဖြစ်လာမည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် စုပြုံရောက်လာတော့မည့်အချိန်တွင် စင်ကာပူ ဟိုတယ်ခန်းများမှာ တစ်စတစ်စ ပြည့်လာနေပြီဖြစ်ပြီး ရဲများမှာလည်း မြို့တစ်ခုလုံးကို ပိတ်ချလိုက်ရန် ပြင်ဆင်နေကြသည်။

ထိပ်ပိုင်းအစိုးရအရာရှိများမှာမူ ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ကျင်းပရန်စီစဉ်ထားသည့် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအား ဖြစ်မြောက်စေရန် အလုအယက် ကြိုးပမ်းနေကြသည်။

လုံခြုံရေးကိုယ်စီဖြင့် ရောက်ရှိလာကြမည့် အမေရိကန်နှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်နှစ်ဖွဲ့စလုံး၏ အင်အားမှာ အလွန်ကြီးမားမည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း ယင်းတို့အုပ်စုသည် စင်ကာပူသို့ အုံ၍ရောက်ရှိလာမည့် ဧရာမမီဒီယာအုပ်ကြီးနှင့် နှိုင်းယှဉ်လိုက်ပါကမူ သေးငယ်သွားလိမ့်မည်ဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲသို့ မီဒီယာအဖြစ် လာရန်လျှောက်ထားကြမည့် သူဦးရေမှာ ၃၀၀၀ ခန့်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပွဲစီစဉ်မှုထဲတွင် ပါဝင်သည့် အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ထရန့်-ကင်ထိပ်သီးသို့ ရောက်လာမည့် ဂျာနယ်လစ် ပမာဏသည် စင်ကာပူတွင် နောက်ဆုံး ကျင်းပခဲ့သော အလားတူ နာမည်ကျော်ထိပ်သီးဖြစ်သည့် ၂၀၁၅ ခုနှစ်က တရုတ်သမ္မတရှီကျင်ပင်းနှင့် ထိုင်ဝမ်သမ္မတ မာယင်ကျိုးတို့ တွေ့ဆုံစဉ်က ရောက်လာခဲ့သော ဂျာနယ်လစ်အုပ်စုကြီးကိုပင် မှေးမှိန်သွားစေမည်ဖြစ်သည်။ ထိုစဉ်က ဂျာနယ်လစ်ဦးရေမှာ ရာနှင့်ချီရှိခဲ့သည်။

မီဒီယာတို့ ပြုံကျလာခြင်း

မကြာမီလာတော့မည့် မီဒီယာ စုပြုံရောက်ရှိလာမှု၏ အမြည်းအနေနှင့် ယခုသီတင်းပတ်အတွင်းမှာ ပင်ကင်ချောင်ဆန်ကို မြင်တွေ့ခွင့် ရရှိရန် အဆင့်မြင့် Fullerton ဟိုတယ်သို့ သတင်းထောက်များ လာရောက်စခန်းချနေကြပြီဖြစ်သည်။ ကင်ဂျုံအွန်၏ ဝန်ထမ်းရေးရာ အကြီးအကဲဟု သတ်မှတ်ရမည့် ကင်ချောင်ဆန်သည် ဆွေးနွေးပွဲအတွက် စီစဉ်ရန် စင်ကာပူသို့ ရောက်နေခြင်းဖြစ်သည်။

ထိုစဉ် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည်ဟု သတင်းထွက်နေသော ထိပ်တန်းဟိုတယ်များ (ရှီ-မာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သော ကြယ်ငါးပွင့်အဆင့်ရှိ ရှန်ဂရီလာ အပါအဝင်) တွင်လည်း အခန်းဘိုကင်လုပ်မှုများ ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ယခုစင်ကာပူထိပ်သီးသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယားလက်နက် စီမံကိန်းကြီးကို ရာသက်ပန် စွန့်လွှတ်လိုက်စေရန် လမ်းကြောင်းပေါ်သို့ ဦးတည်စေနိုင်လိမ့်မည်ဟု ကမ္ဘာခေါင်းဆောင်များက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။ တစ်ချိန်တည်းမှာပင် စင်ကာပူနိုင်ငံသားအချို့ကလည်း ၎င်းတို့၏ ငြိမ်းအေးသော နေထိုင်မှုဘဝများအား အနှောင့်အယှက်များ ရှိလာမည့်အပေါ် ပို၍ပင် စိုးရိမ်နေကြကြောင်း သိရသည်။

စင်ကာပူသည် တည်ငြိမ်လွန်းလှသဖြင့် ရံဖန်ရံခါတွင် ပျင်းရိစရာကောင်းသည်ဟုပင် လှောင်ပြောင်ခံနေရသည့် နိုင်ငံဖြစ်သည်။ ထိုစဉ် ချန်အန်တိုနီအမည်ရှိသူက အလွန်အမင်း သန့်ရှင်းမှုရှိသည့် နိုင်ငံငယ်လေးထဲသို့ ထရန့်-ကင်ထိပ်သီး ဆွေးနွေးပွဲလာ ကျင်းပခြင်းသည် ၎င်းတို့ကို မသက်မသာ ဖြစ်စေလိမ့်မည်ဟု Facebook ပေါ်တွင် ရေးသားခဲ့သည်။ “အဲဒီနေ့ကို အများပြည်သူ ရုံးပိတ်ရက်ဆိုပြီး အစိုးရက ကြေညာပေးလို့ မရဘူးလား” ဟု ၎င်းက မေးခွန်းထုတ်ထားခဲ့သည်။

“ကမ္ဘာ့လူကြိုက်အနည်းဆုံး ခေါင်းဆောင်နှစ်ဦးက ဒီကိုလာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတော့မယ်။ အိုး ဒုက္ခပါပဲ” ဟု တီမိုသီကလိန်း အမည်ရှိသူကလည်း Facebook ပေါ်တွင် ညည်းညည်းညူညူဖြင့် ရေးသားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအတွက် ချထားမည့် လုံခြုံရေးမှာလည်း သေချာပေါက် အလွန်တရာ ကြီးမားမည်ဖြစ်ပြီး ဆွေးနွေးပွဲကျင်းပမည့် နေရာပတ်ဝန်းကျင်ရှိ လမ်းများကို ရှည်လျားစွာ ပိတ်ထားကာ ရဲအင်အား အမြောက်အမြားအား ချထားရန် ပြင်ဆင်နေသည်။

ကိုယ်စားလှယ်တို့အတွက် သောက်စရာအခမဲ့

စင်ကာပူနေရှင်နယ် တက္ကသိုလ်ရှိ အရှေ့အာရှအင်စတီကျုမှ လင်တိုင်ဝေကမူ ထိပ်သီးဆွေးနွေးပွဲကြောင့် ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်များဖြစ်လာမည်ဟု စိုးရိမ်မှုများကို ဘေးချိတ်ခဲ့သည်။ “သင်တို့အနေနဲ့ မှတ်မိထားဖို့က ဒီနိုင်ငံဟာ ၂၀၁၅ ခုနှစ်တုန်းက ရှီ-မာ ထိပ်သီးကို ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိတယ်ဆိုတာပဲ။ ဒါ့အပြင် အမေရိကန်သမ္မတများစွာကိုလည်း ဧည့်ခံခဲ့ဖူးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တချို့ကလည်း ယင်းကဲ့သို့ မီဒီယာများ၊ သံတမန်များ၊ စီးပွားရေးများ အစုလိုက်အပြုံလိုက် ရုတ်တရက် ဝင်လာခြင်းကို အခွင့်အလမ်း တစ်ခုဟု ရှုမြင်နေကြသည်။

Singapore Sling ကော့တေးကြောင့် နာမည်ကျော်သည့် စင်ကာပူတွင် အဖျော်ဆရာများသည် ထိပ်သီးအထိမ်းအမှတ် ယမကာ ကော့တေးနှစ်မျိုးဖြင့် နာမည်ကျော်လာနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်။

Trump ဟု အမည်ပေးထားသော ကော့တေးသည် အပြာရောင်ရှိပြီး အမေရိကန်ထုတ် ဘောဘွန်းဝီစကီအား အခြေပြုထားခြင်း ဖြစ်သည်။ Kim ဟုအမည်ရသော ကော့တေးမှာမူ အနီရောင်ရှိကာ ကိုရီးယားအရက် ဆိုဂျူအား အခြေပြု ဖျော်စပ်ထားခြင်းဖြစ်သည်။ ထိုကော့တေးနှစ်မျိုးစလုံးသည် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်နေ့ရက်ကို အစွဲပြုကာ စင်ကာပူ ဒေါ်လာ ၁၂ ဒသမ ၆ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၀) ကျသင့်မည်ဖြစ်သည်။ ထိုကော့တေးနှစ်မျိုးကို ရရှိနိုင်သည့် Escobar ဘားပိုင်ရှင်ဖြစ်သူ စတန်စရီဂါနစ်ရှ်က “သင်ဟာ ဒီပွဲကိုတက်တဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း ပြနိုင်ရင် ကျွန်တော်က တစ်ဝိုင်းတိုက်မှာပါ” ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent