အိန္ဒိယတောင်တန်းဒေသ ဆင်းမလားတွင် မကြုံစဖူး ရေရှားပါးမှုနှင့်ကြုံတွေ့

အိန္ဒိယတောင်တန်းဒေသ ဆင်းမလားတွင် မကြုံစဖူး ရေရှားပါးမှုနှင့်ကြုံတွေ့
Published 3 June 2018

မေ ၂၈ ရက်က အိန္ဒိယမြောက်ပိုင်းရှိ ဆင်းမလားမြို့တွင် စစ်ဘက်ရေသယ်ကားမှ ရေများကို ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်

ချမ်းသာကြွယ်ဝမှုနှင့် ထင်ရှားကျော်ကြားမှုတို့ဖြင့် လူသိများသော ဟိမဝန္တာဒေသရှိ အိန္ဒိယ တောင်တန်းဒေသ ဆင်းမလားမြို့တွင် မကြုံစဖူး ရေရှားပါး ပြတ်လတ်မှု ကြုံခဲ့ရမှုကြောင့် ရန်ပွဲများနှင့် စိတ်ပျက်လက်ပျက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းတစ်လျှောက် ရေသယ်ကားများကို ရဲများက မေ ၃၀ ရက်တွင် စောင့်ကြပ်ခဲ့ရသည်။

ထိုတောင်တန်း အပန်းဖြေစခန်းသည် ပုံမှန်အားဖြင့် အားလပ်ရက် အပန်းဖြေ ထွက်လာသူများဖြင့် စည်ကားနေသော်လည်း ယခုအခါ အလွန်အမင်း ရေပြတ်လတ်နေခြင်းကြောင့် ဟိုတယ်များကို ပိတ်ထားရပြီး ခရီးသွားများကိုလည်း ထိုဒေသကို ရှောင်ကြရန် ညွှန်ကြားထားသည်။

မေ ၃၀ ရက်က စိုးရိမ်ပူပန်နေသောဒေသခံ ရာပေါင်းများစွာသည် ရဲများက စောင့်ကြပ်နေသည့် ရေသယ်ကားများမှ ရေကိုယူရန် နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းခဲ့ရသည်။

ယခင်က ဗြိတိန်ကိုလိုနီ၏ နွေရာသီမြို့တော်ဖြစ်သော ဆင်းမလားသည် တစ်နေ့လျှင် ရေလီတာ ၄၂ သန်းခန့် လိုအပ်သော်လည်း နွေရာသီတွင် ရေပြတ်လတ်မှု အမြဲတမ်း ဖြစ်ပွားလေ့ရှိသည်။ သို့သော် ယခုနှစ် ပထမနှစ်ဝက်နီးပါးတွင် ရေထောက်ပံ့မှု အလွန်အမင်း ကျဆင်းခဲ့ပြီး ဒေသခံများက ၎င်းတို့၏ သက်တမ်းတစ်လျှောက် အဆိုးရွားဆုံး ရေရှားပါးမှုဖြစ်ကြောင်း ငြီးတွားခဲ့ကြသည်။

အိန္ဒိယမြောက်ပိုင်း ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ်မြို့တော် ဆင်းမလားတွင် ပြီးခဲ့သော ဆောင်းရာသီ၌ ဆီးနှင်းကျမှု စံချိန်တင် နည်းပါးမှု ကြုံခဲ့ရမှုကြောင့် ပုံမှန်ထက် ဆောလျင်စွာ ရေရှားပါးမှု ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ကြသည်။ သို့သော် ဟိုတယ်များ သို့မဟုတ် အရေးကြီး ပုဂ္ဂိုလ်များ၏ နေအိမ်များကရေကို ကဲ့ယူနေကြခြင်းဖြစ်ကြောင်း ဆင်းမလားရှိ ဒေသခံအချို့က စွပ်စွဲခဲ့ကြသည်။

မေ ၂၉ ရက်နှောင်းပိုင်းက ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်အပြင်ဘက်၌ ဆန္ဒပြမှုများသည် အကြမ်းဖက်မှုသို့ ပြောင်းသွားခဲ့ပြီး ဆန္ဒပြသူများက ရဲများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ ဒေသဆိုင်ရာ အစိုးရအား ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ရေရှားပါးမှုနှင့် ပတ်သက်၍ အာဏာပိုင်များ အနေဖြင့် ဖြေရှင်းချက်ပေးရန်နှင့် ထိုပြဿနာအား စီမံခန့်ခွဲမှုအတွက် အစီအစဉ် ရေးဆွဲပေးရန် ပြည်နယ်ရှိ အထက်တရားရုံးက ညွှန်ကြားခဲ့သည်။ သို့သော် နွေရာသီရောက်တိုင်း လူထောင်ပေါင်းများစွာက ရောက်ရှိလာချိန်တွင် ဆင်းမလား၌ ကြုံတွေ့နေရသောဝန်ပိမှုကို ထိုရေရှားပါးမှုက ပြသနေကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။ ဆင်းမလားတွင် ရေပြဿနာ ပြေလည်သွားသည့် အချိန်အထိ ထိုဒေသသို့ သွားရောက်မလည်ပတ်ရန် ခရီးသွားများအား တိုက်တွန်းသည့် လူမှုမီဒီယာ လှုံ့ဆော်မှု အစီအစဉ် တစ်ခုသည် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

ယင်းကဲ့သို့ အဆိုးသဘောဖြင့် ကျော်ကြားမှုကြောင့် သက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း ဟိုတယ်များနှင့် ခရီးသွားအေဂျင်စီ အများအပြားက ပြောကြားခဲ့ကြသည်။ အိန္ဒိယ၏ မြေနိမ့်လွင်ပြင် ဒေသများတွင် အပူချိန်သည် နွေရာသီ၌ ၄၆ ဒီဂရီဆဲ စီးယပ် (၁၁၅ ဖာရင်ဟိုက်) ဝန်းကျင် ရှိနေချိန်တွင် တောင်ပေါ်ဒေသ ဆင်းမလား၌ ခရီးသွားများဖြင့် ပုံမှန်ပြည့်နှက်နေခဲ့သည်။

ယခုအချိန်တွင် ခရီးသွားအများအပြားသည် ကြိုတင်မှာယူထားမှုများအား ဖျက်သိမ်းခြင်း သို့မဟုတ် ခရီးစဉ်များအား ချုံ့ပစ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ခရီးသွားအေးဂျင့် မိုဟစ်ရှာမားက ပြောကြားခဲ့သည်။

ဇွန်လအတွက် အခန်းကြိုတင်မှာမှုများသည် မရှိသလောက်ဖြစ်နေကြောင်း၊ ကြိုတင်မှာထားသူများ ကလည်း အခန်းများအား ဆင်းမလားမြို့ အပြင်ဘက်ရှိ အခြားနေရာများသို့ ရွှေ့ပေးရန် တောင်းဆိုခြင်း သို့မဟုတ် ကြိုတင်မှာထားမှုများအား ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်း ရှာမားက ပြောကြားခဲ့သည်။

Ref : AFP