ထိုင်းတွင် ပလတ်စတစ်အိတ် အလုံး ၈၀ မျိုချမိခဲ့သည့် ဝေလငါးတစ်ကောင်သေဆုံး

ထိုင်းတွင် ပလတ်စတစ်အိတ် အလုံး ၈၀ မျိုချမိခဲ့သည့် ဝေလငါးတစ်ကောင်သေဆုံး
Published 3 June 2018

ဝေလငါး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ThaiWhales က မေ ၂၈ ရက်၌ ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် ထိုင်းတောင်ပိုင်း ကမ်းရိုးတန်း ရေပြင်၌ နာမကျန်းဖြစ်နေသော ဝေလငါးကို တွေ့ရစဉ် (Photo : AFP)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဝေလငါး တစ်ကောင်သည် ပလတ်စတစ်အိတ် အလုံး ၈၀ ကို မျိုချမိခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။ ထိုဝေလငါး ပြန်လည်ကျန်းမာလာစေရန် စောင့်ရှောက်ပေးရေးအတွက် ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ သေဆုံးနေခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပလတ်စတစ်အိတ် အများဆုံး အသုံးပြုသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ယင်းပလတ်စတစ် အိတ်များကြောင့် ထိုင်း၏နာမည်ကျော် ကမ်းခြေများ အနီး၌ နေထိုင်သည့် ရေနေသတ္တဝါများသည် နှစ်စဉ်ရာနှင့်ချီ၍ သေဆုံးနေရသည်။

ယခု ပိုင်းလော့ဝေလငါးငယ်မှာမူ ထိုပလတ်စတစ်အိတ်များ၏ နောက်ဆုံးသားကောင် ဖြစ်သွားခဲ့သည်။ ၎င်းကို မလေးရှားနှင့် ထိစပ်နေသော ရေပြင်အနီးရှိ တူးမြောင်းတစ်ခုထဲ၌ တွေ့ရှိချိန်၌ သေလုမြောပါး ဖြစ်နေပြီဖြစ်ကြောင်း ရေကြောင်းနှင့် ကမ်းရိုးတန်းရင်းမြစ်ဌာန၏ Facebook စာမျက်နှာတွင် ဇွန် ၂  ရက်က ရေးသားထားခဲ့သည်။

တိရစ္ဆာန် ဆေးကုသရေးအဖွဲ့သည် ဝေလငါးငယ်၏ နာမကျန်းဖြစ်မှုကို ပြုစုစောင့်ရှောက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင် ဝေလငါးမှာ ဇွန် ၂ ရက် မွန်းလွဲပိုင်းက သေဆုံးသွားခဲ့သည်။

ထို့နောက် ငါးအား ရင်ခွဲစစ်ဆေးကြည့်ရာ ငါး၏ အစာအိမ်ထဲတွင် ရှစ်ကီလိုဂရမ် (၁၈ ပေါင်) ရှိသော ပလတ်စတစ်အိတ် အလုံးပေါင်း ၈၀ ကို တွေ့ရှိခဲ့ကြသည်ဟု ဌာန၏ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။

ထိုပို့စ်နှင့်အတူတွဲ၍ ဖော်ပြထားသည့် ဓာတ်ပုံများထဲ၌ ဝေလငါးကို မေ ၂၈ ရက်က ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီးနောက် ငါးအား ရေပေါ်တွင် ပေါ်နေစေရန် လူတစ်စုက ဗော်ယာများကို အသုံးပြုနေကြပုံ၊ ငါးအား နေရောင်ခြည် တိုက်ရိုက်မထိစေရန် ထီးမိုးပေးထားကြပုံတို့ကို တွေ့ရသည်။

ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ် ကာလအတွင်း ဝေလငါးသည် ပလတ်စတစ်အိတ် ငါးလုံးကို မသေဆုံးမီက အန်ထုတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပလတ်စတစ်အိတ်များသည် ဝေလငါးအား အခြားသော အာဟာရရှိသည့် အစားအစာများ မစားနိုင်စေရန် အဟန့်အတား ဖြစ်စေခဲ့သည်ဟု အဏ္ဏဝါ ဇီဝပညာရှင်နှင့် Kasetsart တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သည့် သွန်ဝမ်ရွမ်နဝါဆဝပ်က ပြောကြားခဲ့သည်။

“ခင်ဗျားဗိုက်ထဲမှာ ပလတ်စတစ်အိတ် အလုံး ၈၀ ရှိနေမယ်ဆိုရင် သင်လည်း သေမှာပဲ” ဟု ၎င်းကဆိုသည်။

ထိုင်းရေပိုင်နက်ထဲတွင် ပလတ်စတစ်များကို စားမိပြီး နှစ်စဉ် သေကျေပျက်စီးရသည့် ရေနေသတ္တဝါ ၃၀၀ ထက်မနည်းရှိပြီး ယင်းတို့ထဲတွင် ပိုင်းလော့ဝေလငါးများ၊ ပင်လယ်လိပ်များ၊ လင်းပိုင်များ ပါဝင်သည်ဟု သိရသည်။

“ဒါဟာ ပြဿနာကြီး တစ်ခုပါ။ ကျွန်တော်တို့ ပလတ်စတစ်အိတ်တွေ အများကြီး အသုံးပြုခဲ့ ကြပါတယ်” ဟု ဝမ်ရွန်နဝါဆဝပ်က ပြောကြားခဲ့သည်။

ယခုဝေလငါးငယ်၏ ဖြစ်ရပ်ဆိုးသည် ထိုင်းအင်တာနက် အသုံးပြုသူများကြားတွင် ကိုယ်ချင်းစာမှုနှင့် ဒေါသထွက်မှုများကို ဖြစ်စေခဲ့သည်။ “ဒီသတ္တဝါအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ သူဟာ ဘာအမှားမှ မလုပ်ဘဲ လူတွေလုပ်ရပ်ရဲ့ ဆိုးကျိုးကိုပဲ ဒဏ်ခံသွားရတာပါ” ဟု ထိုင်းမှ Twitter အသုံးပြုသူ တစ်ဦးက ရေးသားခဲ့သည်။

Ref : AFP

Most Read

Most Recent