ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားပြုမှုဖြင့် ဗီယက်နမ်ဘဏ်အကြံပေးဟောင်းတစ်ဦး ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ

ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားပြုမှုဖြင့် ဗီယက်နမ်ဘဏ်အကြံပေးဟောင်းတစ်ဦး ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ
Published 3 June 2018

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ဗီယက်နမ်ဆောက်လုပ်ရေးဘဏ်၏ ဘဏ်ခွဲတစ်ခုရှေ့မှ ဖြတ်သန်းသွားသူများကို တွေ့ရစဉ် Photo: AFP

ဗီယက်နမ်တွင် ဘဏ်အကြံပေးဟောင်း အမျိုးသမီးတစ်ဦးသည် အလွဲသုံးစားပြုမှုနှင့် မမှန်မကန် လုပ်ဆောင်ခဲ့မှုတို့အတွက် ထောင်ဒဏ် အနှစ် ၃၀ နှင့် ငွေဒဏ်အဖြစ် ဒေါ်လာ သန်း ၇၀၀ ချမှတ် ခံခဲ့ရကြောင်း ဇွန် ၂ ရက်က သတင်းများတွင် ဖော်ပြခဲ့သည်။ ဗီယက်နမ် အစိုးရသည် ၎င်း၏ကြီးမားလှသော ခြစားမှု နှိမ်နင်းရေးလုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဘဏ်အကြံပေးဟောင်း တစ်ဦးအား ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခံရခြင်းမှ အကာအကွယ် ရရှိထားကြသူများဖြစ်သည့် ဘဏ်အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အဆင့်မြင့်အရာရှိကြီးများအနက် ဒါဇင်ပေါင်းများစွာသည် အစိုးရ၏ လက်ရှိခြစားမှု နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း ကျဆုံးခန်း တိုင်ခဲ့ကြသည်။ အစိုးရက ၎င်းတို့သည် ခြစားမှုကို အမြစ်ဖြတ်ရှင်းလင်းပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို အရောင်တင်မည်ဟု ကတိပြုထားသော်လည်း ဝေဖန်သူများက ရှေးရိုးစွဲ ကွန်မြူနစ်ခေါင်းဆောင်များသည် ယခုခြစားမှုနှိမ်နင်းရေးကို အကြောင်းပြလျက် နိုင်ငံရေးရန်ဘက်များကိုလည်း ပစ်မှတ်ထားရှင်းလင်းနေကြောင်း သုံးသပ်ပြောကြားနေကြသည်။

ယခင် TRUST Bank ၊ ယခု ဗီယက်နမ် ဆောက်လုပ်ရေးဘဏ်၏ ဘုတ်အဖွဲ့မှ အကြီးတန်း အကြံပေးအရာရှိဟောင်းဖြစ်သည့်  အသက် ၇၁ နှစ်ရှိ ဟွာသီဖန်သည် ဘဏ်အတွက် ဒေါ်လာသန်း ၇၀၀ ဆုံးရှုံးနစ်နာအောင် လုပ်ဆောင်မှုဖြင့် ပြစ်မှု ထင်ရှားခဲ့ခြင်းဖြစ်ကြောင်း ဟိုချီမင်းစီးတီးဥပဒေသတင်းစာ (မြို့တရားရေးဌာန၏ အာဘော်သတင်းစာ) တွင် ဖော်ပြခဲ့သည်။ ဖန်ကမူ ကျန်းမာရေးမကောင်းခြင်းကြောင့် တရားရုံးသို့ မလာရောက်နိုင်ဟု သိရသည်။ ဈေးတက်နေချိန်တွင် အိမ်ခြံမြေများကို ဘဏ်သို့ ရောင်းချ ခြင်းဖြင့် ရရှိသည့်ငွေများအနက် ဒေါ်လာ ၂၇၈ သန်းကို ဖန်က လိမ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

“တရားခံရဲ့လုပ်ရပ်ကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေဖြစ်ခဲ့တဲ့အတွက် ပြင်းထန်တဲ့ စီရင်ချက်တစ်ခု လိုအပ်ခဲ့ပါတယ်”ဟု ဂျူရီအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြခဲ့သည်။  ဖန်နှင့် အတူ စွပ်စွဲခံရသော အခြား၂၇ ဦးမှာလည်း ထောင်ဒဏ် ၂၈ နှစ်မှ နှစ်နှစ် ဆိုင်းငံ့ ထောင်ဒဏ်အထိ ပြစ်ဒဏ်အမျိုးမျိုး ချမှတ်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်သည် နှစ်ပေါင်းများစွာအတွင်း ဗီယက်နမ်၌ အကြီးဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ ရုံးတင်စစ်ဆေးမှုကြီးတစ်ခုလည်း ဖြစ်ခဲ့သည်။ ယမန်နှစ်ကလည်း Ocean Bank မှ ဥက္ကဋ္ဌဟောင်း ငုယင်ယွမ်ဆန်ကို အလွဲသုံးစားပြုမှု၊ စီမံခန့်ခွဲမှု မှားယွင်းမှုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

ယင်းသည် ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စီရင်ချက် တစ်ခုဟုပင် ဆိုနိုင်သည်။  အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် ဗီယက်နမ်က အဆင့် ၁၀၇ တွင် ရှိနေပြီး ဒေသတွင်းနိုင်ငံများအနက် အနိမ့်ဆုံးထဲတွင် ပါဝင်သည်။

Most Read

Most Recent