ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ခံနေရသော ကလေး ၁ ဒသမ ၂ ဘီလျံ ရှိနေ

ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ခံနေရသော ကလေး ၁ ဒသမ ၂ ဘီလျံ ရှိနေ
Published 1 June 2018

အီရတ်အစိုးရနှင့် IS ဂျီဟတ်များအကြား တိုက်ခိုက်မှုကြောင့် မိုဆူးမှ နေရပ်စွန့်ခွာလာသော ကလေးများကို ၂၀၁၇ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (Photo: AFP)

ကမ္ဘာတစ်ဝန်းရှိ ကလေးထက်ဝက်ကျော်သည် ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတို့၏ ခြိမ်းခြောက်မှုများ ကြုံနေရသည်ဟု မေ ၃၀ ရက်က ထုတ်ပြန်သည့် Save the Children ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Many Faces of Exclusion ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ကလေးလုပ်သား၊ ပညာသင်ကြားခွင့်မရခြင်း၊ ကလေးအရွယ်၌ လက်ထပ်ရခြင်းနှင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းတို့၏ ခြိမ်းခြောက်မှုများဖြင့် နိုင်ငံ ၁၇၅ နိုင်ငံကို အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်းရှိ ကလေး ၁ ဒသမ ၂ ဘီလျံသည် အဓိက ခြိမ်းခြောက်မှုသုံးခုအနက် အနည်းဆုံးတစ်ခု၏ ခြိမ်းခြောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ကလေးများအတွက် အဆိုးရွားဆုံးဟု သတ်မှတ်ထားသည့် နိုင်ငံ ၁၀ နိုင်ငံအနက် ရှစ်နိုင်ငံသည် အနောက်နှင့် ဗဟိုအာဖရိကတို့မှဖြစ်ပြီး နိုင်ဂျာတွင် ခြိမ်းခြောက်ခံရမှု ပမာဏ အများဆုံးဖြစ်သည်။ စင်ကာပူနှင့် ဆလိုဗေးနီးယားနိုင်ငံတို့မှာမူ ယင်းကဲ့သို့သော ပြဿနာများဖြစ်ပွားမှု အနည်းဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံခဲ့ရသည်။

“ကမ္ဘာမှာရှိတဲ့ ကလေးထက်ဝက်ကျော်ဟာ သူတို့ဘဝအစမှာ မိန်းကလေးဖြစ်လို့၊ ဆင်းရဲလို့၊ စစ်ပွဲဇုန်မှာ ကြီးပြင်းလာလို့ ဆိုတာတွေကြောင့် ဖိနှိပ်ခံခဲ့ရတယ်” ဟု Save the Children ၏ အမှုဆောင်အရာရှိချုပ် ဟယ်လီသောနင်းရှမစ်က ပြောကြားခဲ့သည်။

အစိုးရများသည် ကလေးအားလုံးအား ၎င်းတို့၏ကလေးဘဝ၌ အကောင်းဆုံး အရာများပေးနိုင်အောင် လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကလေး တစ်ဘီလျံကျော်သည် ဆင်းရဲမွဲတေမှု ဒဏ်ကြုံနေရသည့် နိုင်ငံများတွင် နေထိုင်နေရပြီး သန်း ၂၄၀ သည် ပဋိပက္ခနှင့် တည်ငြိမ်မှုမရှိသည့်နိုင်ငံများတွင် နေထိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျား၊ မ ခွဲခြားမှုသည် စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်သည့် နိုင်ငံများတွင် မိန်းကလေး ၅၇၅ သန်းကျော် နေထိုင်ကြောင်း အစီရင်ခံစာက လေ့လာတွေ့ရှိခဲ့သည်။

တောင်ဆူဒန်၊ ဆိုမာလီယာ၊ ယီမင်နှင့် အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံ ၂၀ ခန့်တွင် ကလေးလုပ်သား၊ ပညာသင်ကြားခွင့်မရခြင်း၊ ကလေးအရွယ်၌ လက်ထပ်ရခြင်း ခြိမ်းခြောက်မှုသုံးခုအောက်တွင် နေထိုင်ရသည့် ကလေး ၁၅၃ သန်း ရှိသည်။

Ref: AFP

Most Read

Most Recent