ဂျာနယ်လစ် အသတ်ခံခဲ့ရကြောင်း ဇာတ်လမ်းဆင်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ယူကရိန်း ကြုံတွေ့နေရ

ဂျာနယ်လစ် အသတ်ခံခဲ့ရကြောင်း ဇာတ်လမ်းဆင်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ယူကရိန်း ကြုံတွေ့နေရ
Published 1 June 2018

မေ ၃၀ ရက်က ကိဗ်မြို့တွင် သတင်းစာရှင်းလင်းပွဲ၌ ရုရှားဂျာနယ်လစ် ဘက်ချင်ကို (လယ်)အား တွေ့ရစဉ် (Photo: AP)

ကရင်မလင် ဆန့်ကျင်သည့် ရုရှားဂျာနယ်လစ်တစ်ဦးသည် အသတ်ခံခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးမှ အသက်ရှင်လျက် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းကြောင့် ရုရှားနှင့် ယူကရိန်းတို့တွင် စိတ်သက်သာရာရခဲ့ကြသော်လည်း ထိုဂျာနယ်လစ် အသတ်ခံခဲ့ရကြောင့် ဇာတ်လမ်းဆင်ခဲ့သည်ဟု ဝန်ခံခဲ့သည့် ယူကရိန်းသည် မေ ၃၁ ရက်တွင် ဝေဖန်မှုများ ကြုံတွေ့နေရသည်။

ရုရှားဂျာနယ်လစ် အာကက်ဒီဘက်ချင်ကိုသည် ၎င်း၏နေအိမ်၌ ရုရှား၏လက်ချက်ဟု အပြစ်ဖို့ခံထားရသည့် ကြေးစားလူသတ်မှုပုံစံဖြင့် အသတ်ခံခဲ့ရကြောင်း ယူကရိန်း အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက် ၂၄ နာရီပင် မပြည့်သေးမီ မေ ၃၀ ရက်တွင် ယူကရိန်းမြို့တော်ကိဗ်၌ သတင်းစာရှင်းလင်းပွဲတွင် အသက်ရှင်လျက် ပြန်လည်ပေါ်ထွက်လာခဲ့သဖြင့် အံ့အားသင့်စေခဲ့သည်။

ဘက်ချင်ကို အသတ်ခံခဲ့ရကြောင်း ဇာတ်လမ်းဆင်မှုသည် ၎င်းအား ရုရှား၏သတ်ဖြတ်မှုမှ ဟန့်တားနိုင်ရန်ဖြစ်ကြောင်း ယူကရိန်း လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ရုရှားကမူ ယင်းလုပ်ရပ်သည် ရုရှားဆန့်ကျင်သော ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့သည်။ ကမ္ဘာ့မီဒီယာအား လှည့်စားခဲ့သော ထိုဇာတ်လမ်းဆင်မှုကို ဒေါသထွက်ခဲ့သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကလည်း ကမ္ဘာတစ်ဝန်းရှိ ဂျာနယ်လစ်များ၏ အလုပ်များကို သက်ရောက်စေမည်ကို စိုးရိမ်ခဲ့သည်။

ဘက်ချင်ကို လုပ်ကြံခံခဲ့ရသည်ဆိုသော လုပ်ဇာတ်သည် အမှန်တရားနှင့် စိတ်ကူးယဉ်မှုအကြား ခွဲခြားရန် ေ၀ဝါးစေခဲ့ပြီး မီဒီယာများအား မယုံကြည်မှုကို ပိုမိုမြင့်တက်စေမည် ဖြစ်ကြောင်း ရုရှားနေ့စဉ်သတင်းစာ Vedomosti ၏ အယ်ဒီတာ့အာဘော်တွင် သုံးသပ်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ယူကရိန်းအစိုးရမှ ထုတ်ပြန်ချက်များအား တစ်ဖန်ယုံကြည်ရန် ခက်ခဲစေမည်ဖြစ်ကြောင်း အနောက်တိုင်း သုံးသပ်သူများနှင့် သတင်းထောက် အများအပြားက ပြောကြားခဲ့သည်။

ဘက်ချင်ကိုက သူသည် သေဆုံးမှုဟန်ဆောင်ရန်အတွက် ယူကရိန်းထောက်လှမ်းရေးအဖွဲ့နှင့်အတူ သီတင်းပတ်များစွာ လေ့ကျင့်ပြင်ဆင်ခဲ့ရကြောင်း Facebook တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဝေဖန်မှုများအား ပယ်ချခဲ့သည်။ သုံးသပ်သူအချို့ကမူ ဘက်ချင်ကို အသက်ရှင်နေဆဲဖြစ်ကြောင်းကိုသာ အာရုံစိုက်ရန် မီဒီယာများအား တိုက်တွန်းခဲ့သည်။

ယူကရိန်းက ၎င်းတို့၏အကွက်ဆင်မှုကြောင့် ဘက်ချင်ကိုအား သတ်ဖြတ်မည့် အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ပြီး ရုရှားလုံခြုံရေး တပ်ဖွဲ့ဝင်များက ထိုရာဇဝတ်မှုအတွက် ပြင်ဆင်နေမှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဌာနအကြီးအကဲ Vasyl Grytsak က ဘက်ချင်ကိုအား မီဒီယာသို့ မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။ ဘက်ချင်ကိုအား သတ်ဖြတ်ရန် ကြိုးကိုင်စီစဉ်ခဲ့သည်ဟု သံသယရှိသူကို ယူကရိန်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ G ဟုသာ အမည်ပေးထားသည့် အဆိုပါ ယူကရိန်းနိုင်ငံသားသည် ရုရှားလုံခြုံရေးတပ်ဖွဲ့များ၏ လူသစ်စုဆောင်းမှုခံခဲ့ရပြီး ဒေါ်လာ ၄၀၀၀၀ ရရှိခဲ့ပြီးနောက် ထိုသတ်ဖြတ်မှုအား ဆောင်ရွက်ရန် ကြေးစားလူသတ်သမားတစ်ဦးကို ငှားရမ်းခဲ့ကြောင်းလည်း Grytsak က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent