အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ဝင်များအား တိုက်ထုတ်ပစ်မည်ဟု ဆီးရီးယားသမ္မတအာဆတ် သတိပေး

အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ဝင်များအား တိုက်ထုတ်ပစ်မည်ဟု ဆီးရီးယားသမ္မတအာဆတ် သတိပေး
Published 1 June 2018

မေ ၅ ရက်က ဆီးရီးယားနိုင်ငံ အာဖရင်မြို့ဝင်ပေါက်တွင် လက်နက်ကိုင် အမျိုးသားနှစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားနိုင်ငံ၏ နယ်မြေသုံးပုံတစ်ပုံအား ထိန်းချုပ်ထားသော အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များအား အင်အားသုံး တိုက်ခိုက်ပြီး ထိုနယ်မြေများကို ပြန်လည်သိမ်းယူရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က မေ ၃၁ ရက်တွင် သတိပေးခဲ့သည်။ ဆီးရီးယားတွင် ကျန်ရှိသည့် တစ်ခုတည်းသော ပြဿနာမှာ SDF ဖြစ်ကြောင်း IS ဂျီဟတ်များအား တိုက်ထုတ်ရာတွင် ဦးဆောင်ခဲ့သည့် ကာ့ဒ်များ ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များကို ရည်ညွှန်း၍ အာဆတ်က Russia Today နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၎င်းတို့တွင် ရွေးချယ်စရာနှစ်ခုရှိကြောင်း၊ တစ်ခုမှာ ညှိနှိုင်းဆွေးနွေးရန်အတွက် လမ်းဖွင့်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနက် အများစုသည် ဆီးရီးယားများဖြစ်ကြပြီး ဆီးရီးယားနိုင်ငံအား နှစ်သက်လိမ့်မည်ဟု ယူဆကြောင်း၊ ၎င်းတို့သည်မည်သည့် ပြည်ပနိုင်ငံအတွက်မဆို ရုပ်သေးရုပ်များအဖြစ် အဖြစ်ခံလိုမည် မဟုတ်ကြောင်း မေ ၃၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး၌ အာဆတ်က အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။

၎င်းတို့သည် ဆီးရီးယားများအဖြစ် အတူယှဉ်တွဲနေထိုင်ရန် နည်းလမ်းရှိကြောင်း၊ ယင်းသို့မဟုတ်ပါက ထိုဒေသများ လွတ်မြောက်စေရန်အတွက် အင်အားသုံး၍ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ရေနံကြွယ်ဝသောဒေသမှ ကာ့ဒ်များသည် ၎င်းတို့၏နယ်မြေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ရရှိနိုင်ရန် ကာလရှည်ကြာ တွန်းအားပေးလာခဲ့ကြသော်လည်း ဆီးရီးယားအစိုးရက တစ်နိုင်ငံလုံးတွင် ၎င်းတို့၏သြဇာအာဏာကို ပြန်လည်ပြသရန် ဆန္ဒရှိကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့သည်။ ကာ့ဒ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရဟု ကိုယ့်ကိုယ်ကိုယ် ဖွဲ့စည်းထားသော ပြည်သူ့စစ်များလွှမ်းမိုးထားသည့် SDF သည် IS ဂျီဟတ်အဖွဲ့အား တိုက်ခိုက်ရာတွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်း၏ လေကြောင်းထောက်ပံ့မှု ရရှိထားပြီး မြေပြင်တွင်လည်း အမေရိကန်နှင့် ပြင်သစ်အထူးတပ်ဖွဲ့ဝင်များ၏ အကူအညီများကို ရရှိခဲ့သည်။

“ဒါ ကျွန်တော်တို့နယ်မြေပါ။ အဲဒီ နယ်မြေတွေ လွတ်လပ်စေဖို့ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဝတ္တရားရှိပါတယ်” ဟု အာဆတ်က ပြောကြားခဲ့သည်။ “အမေရိကန်တွေ ထွက်သွားသင့်တယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် သူတို့တွေ ထွက်သွားရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆီးရီးယားအရှေ့ပိုင်းတွင် SDF နှင့် ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့ဝင်များက IS နှိမ်နင်းသည့် စစ်ဆင်ရေးများကို သီးခြား ဆင်နွှဲခဲ့ကြသည်။ ဆီးရီးယားတွင် အမေရိကန်နှင့် ရုရှားတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်ပွားရန် နီးစပ်ခဲ့ကြောင်း၊ သို့သော် ထိုအခြေအနေကို ရှောင်လွဲှနိုင်ခဲ့ကြောင်း အာဆတ်က ပြောကြားခဲ့သည်။ ထို့ပြင် ဆီးရီးယား၌ အီရန်၏ အမြဲတမ်းတပ်ဖွဲ့ဝင်များ မရှိကြောင်း အာဆတ်က ငြင်းဆန်ခဲ့ပြီး ဆီးရီးယားစစ်မြေပြင်တွင် အီရန်၏စစ်ဘက် အကြံပေးများသာရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent