အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆာဟယ်တပ်ဖွဲ့အား ဆက်လက်ထောက်ပံ့သွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ကတိပြု

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆာဟယ်တပ်ဖွဲ့အား ဆက်လက်ထောက်ပံ့သွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ကတိပြု
Published 1 June 2018

မေ ၃၀ ရက်က မာလီနိုင်ငံ ဆီဗာရီမြို့ရှိ G5 Sahal အဖွဲ့၏ ရုံးချုပ်တွင် မာလီစစ်သားတစ်ဦးက စောင့်ဆိုင်းနေစဉ် (Photo: AFP)

ကုလသမဂ္ဂ၏ထောက်ပံ့မည့် အစီအစဉ်အား အမေရိကန်က ခါးခါးသီးသီး ငြင်းပယ်ခဲ့သော်လည်း ဆာဟယ်ဒေသမှ နိုင်ငံငါးနိုင်ငံ ပါဝင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့အား ထောက်ပံ့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မေ ၃၀ ရက်တွင် ကတိပြုခဲ့သည်။ ဆာဟယ်ဒေသတွင် ဂျီဟတ်များ၏ တိုက်ခိုက်မှုများအား တွန်းလှန်နေရသော မာလီသို့ သုံးရက်ကြာ သွားရောက်စဉ် ဂူတာရက်စ်က မာလီအလယ်ပိုင်းရှိ G5 Sahal ဟု ခေါ်သောအဖွဲ့၏ ဌာနချုပ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

မာလီတွင် ဇူလိုင် ၂၉ ရက်၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲများအတွက် မာလီတာဝန်ရှိသူများအား အကောင်းဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ကတိပြုခဲ့သည်။ မာလီတွင် အစ္စလာမ္မစ်အစွန်းရောက်များ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်များကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

အယ်ကေးဒါးနှင့် ဆက်နွှယ်သော ဂျီဟတ်များအား မာလီမြောက်ပိုင်းမှ မောင်းထုတ်ရန်အတွက် မာလီအစိုးရကို ကူညီရန် ပြင်သစ်က ၂၀၁၃ ခုနှစ်တွင် စစ်ရေးဆိုင်ရာ စွက်ဖက်မှု ပြုလုပ်ခဲ့သည်။ နောက်တစ်နှစ်တွင် ပြင်သစ်တပ်ဖွဲ့ဝင် ၄၀၀၀ ကို မာလီတွင် အင်အား ၁၂၀၀၀ ခန့်ရှိသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ MINUSMA နှင့်အတူ တပ်ချခဲ့ပြီး Operational Barkhane ကို ဆင်နွှဲခဲ့သည်။ သို့သော် အကြမ်းဖက်တိုက်ခိုက်မှုများသည် မာလီအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ပျံ့နှံ့ခဲ့ပြီး ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့သို့ ကူးစက်ခဲ့သည်။

ဆာဟယ်ဒေသတွင် ဂျီဟတ်များအား နှိမ်နင်းရန် တပ်ဖွဲ့ဝင် ၅၀၀၀ ပါဝင်မည့် ပူးတွဲတပ်ဖွဲ့ကို ထူထောင်ရန် ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ မော်ရစ်တေးနီးယားနှင့် နိုင်ဂျာတို့က ပြီးခဲ့သောနှစ်တွင် သဘောတူခဲ့သည်။ ယင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့သည် ပြီးခဲ့သော မတ်တွင် အပြည့်အ၀ စတင်လည်ပတ်ရန် စီစဉ်ထားသော်လည်း တပ်ဖွဲ့ဝင်များချထားမှုသည် နှောင့်နှေးနေခဲ့ပြီး လက်နက် တပ်ဆင်မှုများသည် အလွန်အမင်း အားနည်းနေခဲ့သည်။

ထိုတပ်ဖွဲ့အား ဆက်လက်လည်ပတ်နိုင်ရန်နှင့် ကုလသမဂ္ဂက ရန်ပုံငွေထောက်ပံ့မှုအတွက် တွန်းအားပေးရန်အတွက် ဂူတာရက်စ်အပြင် ပြင်သစ်တို့က ဦးဆောင်လှုံ့ဆော်နေသည်။ သို့သော် ထိုတပ်ဖွဲ့အတွက် လုပ်ပိုင်ခွင့်နှင့် ကုလသမဂ္ဂ၏ တိုက်ရိုက် ထောက်ပံ့မှုတို့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က မေ ၂၃ ရက်တွင် ဆန့်ကျင်ခဲ့သည်။

G5 Sahal အဖွဲ့အတွက် ဥရောပမှ နိုင်ငံအများစု၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့က အကူအညီ ယူရို ၄၁၈ သန်း (ဒေါ် လာသန်း ၅၇၀) ကို ကတိပြုထားသည်။ အမေရိကန်ကမူ တစ်နိုင်ငံချင်းစီ ထောက်ပံ့မှုသည် အတော်အသင့် နည်းပါးပြီး ပြီးခဲ့သောနှစ် အောက်တိုဘာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ်တေလာဆင်က ဒေါ်လာသန်း ၆၀ သာ ကတိပြုထားသည်။

Ref: AFP

Most Read

Most Recent