လျှပ်စစ်ကားရောင်းအား ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၅၀ ကျော် မြင့်တက်

လျှပ်စစ်ကားရောင်းအား ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၅၀ ကျော် မြင့်တက်
Published 1 June 2018

မေ ၂၇ ရက်က အမေရိကန်အနောက်ပိုင်းရှိ ကိုလိုမြို့တွင် Tesla ၏ Model 3 ကားများကို တွေ့ရစဉ် (Photo: AP)

ကမ္ဘာတစ်ဝန်းတွင် လျှပ်စစ်ကားရောင်းအားသည် ၂၀၁၇ ခုနှစ်၌ ၅၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တစ်ကမ္ဘာလုံး၌ လျှပ်စစ်ကား သုံးသန်းကျော်လာပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ လျှပ်စစ်ကားများအတွက် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်သော တရုတ်တွင် ရောင်းအားထက်ဝက်ခန့် တိုးတက်ခဲ့ပြီး ကမ္ဘာတွင် လျှပ်စစ်ကားဈေးကွက်ဝေစု အကြီးဆုံးရှိသော နော်ဝေတွင် ရောင်းအား ၃၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း IEA က ဆိုသည်။

လျှပ်စစ်ကားများကို အားပေးသည့် မူဝါဒများနှင့် စရိတ်လျော့ကျလာမှုများကြောင့် လျှပ်စစ်ကားများ၏ ဈေးကွက်သည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ သိသိသာသာ တိုးတက်ဖွယ်ရှိကြောင်း IEA ၏ အစီရင်ခံစာက ပြောကြားခဲ့သည်။ မူဝါဒချမှတ်သူများက သဘာဝပတ်ဝန်းကျင်ရေးရာ ကတိကဝတ်များကို လိုက်နာအကောင်အထည်ဖော်ခဲ့လျှင် ကမ္ဘာတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ၌ လျှပ်စစ်ကား ၁၂၅ သန်းထိ ရှိလာနိုင်မည်ဟု IEA က ထည့်သွင်းပြောကြားခဲ့သည်။

ဂျာမနီပြီးလျှင် ဥရောပ၏ ဒုတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သော ပြင်သစ်ကလည်း ၂၀၄၀ ပြည့်နှစ်မတိုင်မီတွင် ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်ကားများ ရောင်းချမှု ရပ်ဆိုင်းရန် ကြေညာထားသည်။

Ref: AFP

Most Read

Most Recent