ဆီးရီးယားတွင် အီရန်က စစ်ဘက်ဆိုင်ရာ ခြေကုပ်မရှိထားသင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

ဆီးရီးယားတွင် အီရန်က စစ်ဘက်ဆိုင်ရာ ခြေကုပ်မရှိထားသင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား
Published 30 May 2018

မေ ၂၅ ရက်က ဝက်စ်ဘင့်ရှိ ကေဖာကက်ဒမ်ရွာတွင် ပါလက်စတိုင်းဆန္ဒပြသူများအား ဟန့်တားရန် အစ္စရေးစစ်သားများက ပြင်ဆင်နေစဉ် (Photo - AFP)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၎င်းတို့၏ အိမ်နီးချင်းဆီးရီးယားတွင် အီရန်က စစ်ဘက်ဆိုင်ရာ ခြေကုပ်ယူမှုကို ခွင့်မပြုသင့်ကြောင်း ၎င်းတို့၏ ရပ်တည်ချက်ကို ထောက်ခံမှုရရှိရန်အတွက် လာမည့် သီတင်းပတ်တွင် ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဖိအားပေးသွားမည်ဟု မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ ကာလရှည်ကြာတောင်းဆိုမှုဖြစ်သည့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့မှု နှင့် ဆီးရီးယားတွင် အီရန်၏ စစ်ရေးဆိုင်ရာ  တည်ရှိနေမှုကိစ္စများကို ဂျာမနီနှင့် ပြင်သစ်တို့သို့ သွားရောက်စဉ် နေတန်ယာဟုက အလေးပေးဆွေးနွေးမည်ဖြစ်သည်။ နေတန်ယာဟုသည် ဇွန် ၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဇွန် ၆ ရက်တွင် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့်လည်း တွေ့ဆုံသွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ဆီးရီးယား၏ မည်သည့်နေရာတွင်မဆို အီရန်၏ မည်သည့်စစ်ရေးဆိုင်ရာ တည်ရှိမှုအတွက် နေရာလုံးဝမရှိကြောင်း ၎င်းတို့က ယုံကြည်သည်ဟု နေတန်ယာဟုက ၎င်း၏ လီကွတ်ပါတီမှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ၎င်း၏ရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ အဓိကရန်ဘက် အီရန်က အိမ်နီးချင်း ဆီးရီးယားတွင် စစ်ရေးဆိုင်ရာ ခြေကုပ်ယူမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဟု အစ္စရေးက လပေါင်းများစွာကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ဆီးရီးယားရှိ အီရန်ပစ်မှတ်များအား ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ထိပ်တိုက်တွေ့မှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုမြင့်တက်စေခဲ့သည်။

အစ္စရေးက ၎င်းတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ရှိ တပ်ဖွဲ့ဝင်များအား အီရန်က ဆီးရီးယားမှနေ၍ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအပြန်အလှန် တိုက်ခိုက်မှုများမတိုင် မီကပင် ဆီးရီးယားနိုင်ငံထဲတွင် အီရန်တပ်ဖွဲ့ ဝင်များပါ သေဆုံးခဲ့သည့် မကြာသေးမီက တိုက်ခိုက်မှု တစ်သီတစ်တန်းအတွက် အစ္စရေး၏ လက်ချက်ဟု အပြစ်တင်ခံခဲ့ရသော်လည်း အစ္စရေးကမူ မဝန်ခံခဲ့ပေ။

၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သော အီရန် နျူကလီးယားသဘောတူညီချက်အရ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ပေးလိုက်ခြင်းကြောင့် အီရန်သည် အရှေ့အလယ်ပိုင်းတွင်  ၎င်း၏ ကိုယ်ပိုင်တပ်ဖွဲ့ဝင်များနှင့် ကိုယ်စားအဖွဲ့များမှတစ်ဆင့် ခြေကုပ်ယူမှုကို တိုးချဲ့ရန် ခွင့်ပြုလိုက်သလိုဖြစ်ခဲ့ကြောင်း အစ္စရေးက စောဒကတက်ခဲ့သည်။ ထို့ပြင် သဘောတူညီချက်၏ အချိန်အကန့်အသတ်ရှိမှုက အီရန်သည် နောက်ဆုံးတွင် နျူကလီးယားလက်နက်များ ရရှိသွားနိုင်သည့်အချက်ကို အာမခံထားခြင်းမရှိကြောင်းလည်း အစ္စရေးက  ထောက်ပြခဲ့သည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ ဆီးရီးယားတွင် အီရန်၏ စစ်ရေးတည်ရှိမှုကို ခွင့်ပြုခဲ့မှုအတွက် မထိုက်တန်ကြောင်း ရုရှားကဲ့သို့နိုင်ငံများကို သဘောပေါက်စေမည်ဖြစ်ကြောင်း အစ္စရေးထောက် လှမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ချာဂိုင်ဇူရေးက မေ ၂၈ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent