မြန်မာမှ တင်သွင်းလာသော ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများကို မလေးရှားက ဖမ်းဆီးရမိ

မြန်မာမှ တင်သွင်းလာသော ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများကို မလေးရှားက ဖမ်းဆီးရမိ
Published 29 May 2018

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား လျှို့ဝှက်ထည့်သွင်းလာသည့် လက်ဖက်ခြောက်ထုတ်များအား ရဲများက မီဒီယာများကို ပြသနေစဉ် (Photo - AFP)

လက်ဖက်ခြောက်အထုတ်များထဲတွင် လျှို့ဝှက်ထည့်သွင်းလျက် မြန်မာနိုင်ငံမှတစ်ဆင့် သင်္ဘောဖြင့်တင်သွင်းလာသော ခရစ်စတယ် မက်သာဖီတမင်း စံချိန်တင် ၁ ဒသမ ၂ တန်နီးပါးအား ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားတာဝန်ရှိသူများက မေ ၂၈ ရက်တွင် ပြောကြားခဲ့ရာ မလေးရှား၌ ပမာဏအများဆုံး မူးယစ်ဆေးဖမ်းဆီးမိမှုဖြစ်လာကြောင်း သိရသည်။

မြို့တော်ကွာလာလမ်ပူအပြင်ဘက်ရှိ ပို့တ်ကလန်တွင် အကောက်ခွန်တာဝန်ရှိသူများက မေ ၂၂ ရက်၌ပြုလုပ်ခဲ့သော ရှာဖွေစီးနင်းမှုအတွင်း ရင်းဂစ် ၇၁ သန်း (ဒေါ်လာ ၁၈ သန်း) တန်ဖိုးရှိသော ထိုမူးယစ်ဆေးများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာနမှ အထွေထွေမန်နေဂျာ Subromaniam Tholasy က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ကုန်သေတ္တာ တစ်လုံးဖြင့် ထိုမူးယစ်ဆေးဝါးများအား တင်သွင်းလာမှုနှင့်ပတ်သက်၍ မူးယစ်ဆေးမှောင်ခိုကူးသူများဟု သံသယရှိသူခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်တို့အား ဖြတ်သန်းသွားသော ဥပဒေစိုးမိုးမှုအားနည်းသည့် နယ်စပ်ဇုန်တစ်ခုဖြစ်သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ဟုန်ထိုး မြင့်တက်နေချိန်၌ မလေးရှားတွင် ယင်းကဲ့သို့ ခရစ်စတယ် မက်သာဖီတမင်းများကို စံချိန်တင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ခရစ်စတယ် မက်သာဖီတမင်းသည် Speed ၊ Shabu နှင့် Yaba ဟု လူသိများကြသော အလွန်အမင်းစွဲလမ်းစေရန် ဖန်တီးပြုလုပ်ထားသည့် မက်သာဖီတမင်းပုံစံတစ်မျိုး ဖြစ်သည်။

ထိုဖမ်းဆီးရမှုသည် မလေးရှားတွင် ဖမ်းမိသမျှ၌ တန်ဖိုးနှင့် ပမာဏတွင်ပါ အများဆုံးဖြစ်ကြောင်း Subromaniam က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီမူးယစ်ဆေးတွေက ဒေသဆိုင်ရာ ဈေးကွက်အတွက် ရည်ရွယ်တယ်လို့ ယူဆပါတယ်။ ပြီးတော့ ဒါက မြန်မာရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ လက်တွဲထားတဲ့ ဒေသဆိုင်ရာ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ လက်ချက်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ အသက် ၂၂ နှစ် နှင့် ၄၈ နှစ်အကြားရှိ မြန်မာနိုင်ငံသား သုံးဦးနှင့် မလေးရှားနိုင်ငံသား သုံးဦးတို့ဖြစ်ကြောင်း Subromaniam က ပြောကြားခဲ့သည်။

မလေးရှား၏ ပြင်းထန်သော မူးယစ်ဆေးဝါးနှိမ်နင်းရေး ဥပဒေများအရ ထိုဖမ်းဆီးခံရသူများသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွင် ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်ကြောင်း သိရသည်။

ထို့ပြင် ယင်းစီးနင်းရှာဖွေမှု၌ မလေးရှားအကောက်ခွန် တာဝန်ရှိသူများသည် ဘိန်းဖြူဂရမ် ၇၅၀ နှင့် တရားမဝင်တင်သွင်းလာသော စီးကရက် အလိပ်တစ်သန်းခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Ref ;AFP

Most Read

Most Recent