ဗင်နီဇွဲလားက အပြုသဘောဆောင်သည့်အနေနှင့် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားနှင့် ဇနီးကို ပြန်လွှတ်ပေးခဲ့

ဗင်နီဇွဲလားက အပြုသဘောဆောင်သည့်အနေနှင့် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားနှင့် ဇနီးကို ပြန်လွှတ်ပေးခဲ့
Published 28 May 2018

မေ ၂၆ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းအတွင်း တွေ့ရသော ဂျိုရှာဟော့ (ဝဲ) နှင့် အမေရိကန်သမ္မတထရန့်တို့အား တွေ့ရစဉ် (Photo: AFP)

ဗင်နီဇွဲလား အကျဉ်းထောင်တစ်ခုတွင် နှစ်နှစ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ပြန်လွတ်လာသော အမေရိကန်နိုင်ငံသား တစ်ဦးနှင့် ၎င်း၏ ဇနီးသည် မေ ၂၆ ရက်က အိမ်ဖြူတော်တွင် သူရဲကောင်းအဖြစ် ကြိုဆိုခြင်းခံခဲ့ရသည်။

ပိတ်ဆို့မှုများနှင့် ကြုံနေရသော ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်နှင့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းသည့်အနေနှင့် အသက် ၂၆ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဂျိုရှာဟော့နှင့် ဇနီးဖြစ်သူ သာမာရာ ကယ်လီနိုကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် အမေရိကန်ဘက်က ဗင်နီဇွဲလားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား လျှော့ချပေးရန် မည်သည့်အသံမှ ထွက်လာခြင်း မရှိသေးပေ။

ယူတာပြည်နယ်နေ ဟော့သည် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သော စပိန်စကားပြော မော်မွန်အမျိုးသမီး ကယ်လီနိုကို လက်ထပ်ရန်အတွက် ၂၀၁၆ ခုနှစ်က ဗင်နီဇွဲလားသို့ သွားခဲ့သည်။ သို့သော် ဗင်နီဇွဲလားသို့အရောက်တွင် ဟော့သည် ဖမ်းဆီးထောင်ချခံလိုက်ရပြီး လက်တင်အမေရိကမှ ထိပ်တန်းစီအိုင်အေသူလျှိုတစ်ဦးဟု တံဆိပ်ကပ်ခံလိုက်ရခြင်း ဖြစ်သည်။

ဟော့နှင့် ဇနီးတို့သည် မေ ၂၆ ရက်က ဝါရှင်တန် Dulles အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့သည်။ ထို့နောက် နာရီအနည်းငယ်အကြာတွင် သမ္မတဒေါ်နယ်ထရန့်၏ ဖိတ်ကြားမှုကြောင့် ၎င်းတို့သည် အိမ်ဖြူတော်သို့ ရောက်သွားခဲ့ကြသည်။

“ဂျို့ရှ် ဟော့ နေရပ်ကို ပြန်ရောက်လာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါဟာ သူရှိနေသင့်တဲ့ နေရာပါပဲ။ ပိတ်ဆို့ အရေးယူမှုတွေကတော့ ဒီမိုကရေစီစနစ်ကို ဗင်နီဇွဲလားအနေနဲ့ ဦးမတည်မချင်း ဆက်ရှိသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ မိုက်ပင့်စ်က Twitter တွင် ရေးသားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ဗင်နီဇွဲလားအပေါ် အမေရိကန်၏ မူဝါဒပြောင်းလဲခြင်း မရှိဟု ထုတ်ပြန်ခဲ့သည်။

ဟော့တို့ ဇနီးမောင်နှံ ပြန်လွတ်လာစေရန် ယူတာပြည်နယ်မှ ဆီးနိတ်အမတ် အော်ရင်ဟတ်ချ်သည် နှစ်နှစ်ကြာ ကြိုးပမ်းခဲ့ရသည်။ ထို့နောက် ဆီးနိတ်နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဘော့ကွတ်ကာသည် မေ ၂၅ ရက်က ကာရာကက်စ်အထိသွား၍ ဗင်နီဇွဲလားသမ္မတ နီကိုလက်မာဒူရိုနှင့် တွေ့ဆုံခဲ့အပြီး၌ ဟော့တို့နှစ်ဦး ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

“ဒါဟာ ကြမ်းတမ်းတဲ့ အခြေအနေ တစ်ခုပါ။ မင်းဟာ အရမ်းသတ္တိရှိခဲ့ပါတယ်” ဟု ထရန့်က ဟော့ကို ပြောကြားခဲ့သည်။

ဟော့တို့ ဇနီးမောင်နှံကို ပြန်လွှတ်ပေးခြင်းသည် ဗင်နီဇွဲလားနှင့် အမေရိကန်တို့ကြားတွင် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်သည့် သင်္ကေတတစ်ခုဖြစ်ကြောင်း သမ္မတမာဒူရိုက ပြောကြားထားသည်ဟု ဗင်နီဇွဲလားဆက်သွယ်ရေးဝန်ကြီး ဂျော့ရိုဒရီဂူက ကာရာကက်စ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းအနေနှင့် အမေရိကန်၏ ပိတ်ဆို့မှုများကို ညွှန်းဆိုခြင်းလည်း ဖြစ်ဖွယ်ရှိသည်။ မာဒူရို ပြန်လည်ရွေးကောက်ခံခဲ့ရသော မေ ၂၀ ရက် ဗင်နီဇွဲလားရွေးကောက်ပွဲကို အမေရိကန်က ရှက်ဖွယ်ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့ပြီး ထိုအချိန်မှစ၍ ဗင်နီဇွဲလားအပေါ် ပိတ်ဆို့ အရေးယူမှုတို့ဖြင့် တင်းကျပ်ခဲ့သည်။

Ref: AFP

Most Read

Most Recent