<

ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် မျှော်လင့်ချက်များ ပြန်လည်မြင့်တက်

မေ ၂၆ ရက်က မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံထဲတွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံပွဲအတွင်း ရယ်နေသော ကင်ဂျုံအွန်အား တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် စီစဉ်နေမှုများသည် အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုစဉ် ကင်ဂျုံအွန်ကလည်း အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် ဆယ်စုနှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့နေသည့် အခြေအနေကို အဆုံးသတ်ရန် သမိုင်းဝင်အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု သူ့အား ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ကိုရီးယားကျွန်းဆွယ်ပေါ်မှ သံတမန်ရေးသည် အန္တရာယ်ခံတွင်းဝသို့ ကျရောက်လုနီးပါးဖြစ်သွားခဲ့ပြီးမှ ယခုကဲ့သို့ ပြေရာပြေကြောင်း ကြေညာချက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရန့်သည် မြောက်ကိုရီးယား၏ ပေါ်ပေါ်ထင်ထင် ရန်လိုမှုများကြောင့် စင်ကာပူတွင် ကျင်းပမည့် ကင်နှင့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီဟု မေ ၂၂ ရက်က ကြေညာခဲ့ခြင်းကြောင့် ဒေသတွင်း တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

သို့သော် မြောက်ကိုရီးယားအစိုးရ အရာရှိများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၄ နာရီအတွင်းမှာပင် ထရန့်သည် သဘောထားပြန်၍ ပြောင်းသွားခဲ့ပြီး ဆွေးနွေးပွဲမှာ ဖြစ်မြောက်နိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ “အခြေအနေတွေက အလွန်ကောင်းမွန်စွာ ရှေ့ဆက်သွားနေပါတယ်။ ကျွန်တော်တို့ စင်ကာပူမှာ ဇွန် ၁၂ ရက်အတွက် အခြေအနေတွေ စောင့်ကြည့်နေပါတယ်။ အဲဒီအတွက် ပြောင်းလဲမှုမရှိပါဘူး” ဟု ထရန့်က မေ ၂၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ခန့်မှန်း၍ မရသော ထရန့်ကြောင့် ကင်ဂျုံအွန်နှင့် မွန်းဂျေအင်းတို့သည် စင်ကာပူ ထိပ်သီးဖြစ်မြောက်ရေးအတွက် မေ ၂၆ ရက်က နှစ်နိုင်ငံနယ်စပ်တွင် ရုတ်ချည်းတွေ့ဆုံခဲ့ကြရသေးသည်။ ယင်းတွေ့ဆုံမှုသည် သမိုင်းတစ်လျှောက်တွင် စတုတ္ထအကြိမ်မြောက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးကြားမှ တွေ့ဆုံမှုလည်း ဖြစ်လာခဲ့သည်။

မွန်း၏ ပြောကြားချက်အရ ကင်သည် မည့်သည့် ခမ်းနားကြီးကျယ်မှုမှ မပါဘဲ တွေ့ဆုံမှုတစ်ခု အမြန်လုပ်လိုကြောင်း ၎င်းကို ပြောလာသည်ဟု သိရသည်။ “သမိုင်းတစ်လျှောက်က စစ်ပွဲတွေ ထိပ်တိုက်တွေ့မှုတွေကို မြောက်ကိုရီးယား-အမေရိကန် ထိပ်သီး ဆွေးနွေးအောင်မြင်မှုကနေတစ်ဆင့် အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ပူးပေါင်းလိုတဲ့အကြောင်း သူ့ရဲ့ ရည်ရွယ်ချက်ကို ကင်က ပြောပြခဲ့ပါတယ်” ဟု မွန်းက မေ ၂၇ ရက်တွင် ဆိုးလ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာန၌ ကင်သည် DPRK အမေရိကန် ထိပ်သီးနှင့်ပတ်သက်၍ ၎င်း၏ ခိုင်မာသော သဘောထားကို ဖော်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ DPRK ဆိုသည်မှာ မြောက်ကိုရီးယားနိုင်ငံအမည်၏ အတိုကောက်ဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားတို့သည် ဇွန် ၁ ရက်တွင် အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးပွဲကို ကျင်းပကြဦးမည်ဟု ကင်က ပြောကြားခဲ့သည်။

“ကင်ဟာ သူ့ဆီမှာ အလုံးစုံ နျူကလီးယား ဖျက်သိမ်းရေးဆီ ဦးတည်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိတဲ့အကြောင်း ထပ်မံအလေးပေး ပြောကြားခဲ့ပါတယ်” ဟု သမ္မတမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ကင်အတွက် မသေချာမရေရာ ဖြစ်နေသည်မှာ နျူကလီးယားဖျက်သိမ်းရေး မဟုတ်ကြောင်း၊ ထိုသို့ နျူကလီးယား ဖျက်သိမ်းပြီးချိန်တွင် မြောက်ကိုရီးယား၏ လုံခြုံရေးကို အမေရိကန်တို့က အာမခံပေးပြီး ရန်လိုသော မူဝါဒများကို အဆုံးသတ်နိုင်မည့် အရေးအပေါ် ယုံသင့်မယုံသင့် စိုးရိမ်နေခြင်းသာဖြစ်ကြောင်း မွန်းက ဆက်လက်ပြောကြားခဲ့သည်။

“စေ့စပ်ဆွေးနွေးမှုတွေ ပြန်လည်အသက်ဝင်စေဖို့ ရှေ့ဆက်ပြီး ချောချောမောမော ဆောင်ရွက်နိုင်စေဖို့ မွန်းဟာ ထရန့်နဲ့ ကင်ကြားမှာ စကားလက်ဆင့်ကမ်းပေးတဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုးလ်ရှိ Dongguk တက္ကသိုလ်မှ မြောက်ကိုရီးယားလေ့လာရေးဆိုင်ရာ ပါမောက္ခ ကင်ယွန်ဟန်က ပြောကြားခဲ့သည်။ “အခုဆိုရင် စင်ကာပူထိပ်သီးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပြီဆိုတာ ရှင်းလင်းသွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

May 27, 2018














Copy Protected by Chetan's WP-Copyprotect.