အမေရိကန်၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ကမ္ဘာ့တိုးတက်မှုအတွက် အသင့်ဖြစ်နေ

အမေရိကန်၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ကမ္ဘာ့တိုးတက်မှုအတွက် အသင့်ဖြစ်နေ
Published 27 May 2018

သမ္မတဒေါ်နယ်ထရန့်၏ ပံ့ပိုးမှုနှင့်အတူ သဘာဝဓာတ်ငွေ့ကို အလျှံအပယ် ထုတ်လုပ်နေသော အမေရိကန်သည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ တင်ပို့သည့်နိုင်ငံ ဖြစ်လာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

အထူးသဖြင့် နိုင်ငံအရှေ့မြောက်ပိုင်း၌ နုန်းကျောက်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် အမေရိကန်သည် ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေခဲ့သည်။ ၂၀၁၇ ခုနှစ်က အမေရိကန်၏ နေ့စဉ်ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ပမာဏသည် ကုဗမီတာ နှစ်ဘီလျံအထိ ရှိခဲ့သည်။

လက်ရှိတွင်မူ အမေရိကန်သည် ၎င်း၏သဘာဝဓာတ်ငွေ့အတွက် နိုင်ငံတကာ ပို့ကုန်ဈေးကွက်သစ်များ ရရှိရန် ကြိုးပမ်းနေပြီဖြစ်သည်။ “ကမ္ဘာလုံးဆိုင်ရာ သဘာဝဓာတ်ငွေ့ စကားဝိုင်းမှာ ၂၀၁၈-၂၀၁၉ ခုနှစ် အပိုင်းအခြားဟာ အလှည့်အပြောင်း တစ်ဆစ်ချိုးကာလတစ်ခု ဖြစ်လိမ့်မယ်လို့ သတ်မှတ်ခံထားရပါတယ်” ဟု Societe Generale မှ သဘာဝဓာတ်ငွေ့ လေ့လာရေး အကြီးအကဲ ဘရန်နီဒေါက်ချာတီက ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏သဘာဝဓာတ်ငွေ့ အမြောက်အမြားထဲမှ တစ်ချို့တစ်ဝက်ကို ပိုက်လိုင်းများမှတစ်ဆင့် ကနေဒါ၊ မက္ကဆီကိုနိုင်ငံများသို့ ပို့နေပြီဖြစ်သည်။ သို့သော် ထို့ထက်ပို၍ ဝေးလံသော နေရာများအား ပို့ဆောင်ရေးအတွက်မူ အမေရိကန်သည် သဘာဝဓာတ်ငွေ့အရည် (LNG) ကို မှီခိုရမည်ဖြစ်ပြီး ထိုမှသာ သင်္ဘောဖြင့် သယ်ယူပို့ဆောင် နိုင်မည်ဖြစ်သည်။

Cheniere စွမ်းအင်လုပ်ငန်းသည် တင်ကာသင်္ဘောကြီး တစ်စင်းဖြင့် လူဝီစီယားနားရှိ ၎င်း၏ ဓာတ်ငွေ့သိုလှောင်ရုံမှတစ်ဆင့် ပထမဆုံးအကြိမ် သယ်ယူပို့ဆောင်မှုများ စတင်ပြုလုပ်ခဲ့ချိန် ၂၀၁၆ ခုနှစ်မှစပြီး အမေရိကန်၏ LNG တင်ပို့မှုများမှာ တိုးတက်လာခဲ့သည်။ ယင်းမတိုင်မီက အမေရိကန်၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုများ အားလုံးသည် အလက်စကာရှိ သိုလှောင်ရုံ တစ်ခုတည်းမှသာ လာခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်မူ ထိုသိုလှောင်ရုံမှာ ပိတ်သွားခဲ့သည်။

LNG တင်ပို့မှုများသည် တစ်နှစ်အတွင်းမှာပင် လေးဆမြင့်တက်လာပြီးနောက် ၂၀၁၇ ခုနှစ်တွင် အမေရိကန်သည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အသားတင် အမြတ်ငွေရရှိသော သဘာဝဓာတ်ငွေ့ တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိကန်မှ တင်ပို့သော သဘာ၀ ဓာတ်ငွေ့များအနက် ထက်ဝက်ကျော်မှာ မက္ကဆီကို၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပြီး သုံးပုံတစ်ပုံမှာ ဥရောပသို့ ပို့ခြင်းဖြစ်သည်။

မတ်လတွင် Dominion စွမ်းအင်လုပ်ငန်းသည် မေရီလန်းပြည်နယ်၌ သိုလှောင်ရုံအသစ် ဖွင့်လိုက်သဖြင့် အမေရိကန်၏ သင်္ဘောဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှာ ပို၍ပင် မြင့်တက်လာခဲ့သည်။ နောက်ထပ် စီမံကိန်းလေးခုမှာလည်း လာမည့်နှစ်ကုန်တွင် ပြီးစီးမည်ဖြစ်သည်။

ထရန့်နှင့် အမေရိကန် စွမ်းအင်လုပ်ငန်း၏ ကြီးစိုးမှု

ထို့ကြောင့် အမေရိကန်၏ တင်ပို့မှုသည် တစ်နေ့လျှင် ကုဗမီတာ ၂၇၂ သန်း ရှိလာလိမ့်မည်ဖြစ်သည်။

ယင်းအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး LNG တင်ပို့သည့်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်ဟု အမေရိကန် စွမ်းအင် သတင်းအချက်အလက် အေဂျင်စီက သုံးသပ်ခဲ့သည်။ ပထမနှင့် ဒုတိယအကြီးဆုံး LNG တင်ပို့သည့် နိုင်ငံများမှာ ကာတာနှင့် သြစတြေးလျတို့ ဖြစ်ကြသည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ ခန့်မှန်းချက်အရ သဘာဝဓာတ်ငွေ့ လိုအပ်ချက်သည် ၂၀၄၀ ပြည့်နှစ်အထိ နှစ်စဉ် ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် အမေရိကန် တင်ပို့သူများ အနေနှင့်လည်း လိုလိုလားလားရှိသည့် ဝယ်လက်များကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ရသည်။ ရေနံမှာမူ နှစ်စဉ် ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ဝယ်လိုအား တိုးတက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ယခုကဲ့သို့ ဦးတည်ကြိုးပမ်း ဆောင်ရွက်ချက်များကို ထရန့်ကလည်း အားပေးအားမြှောက် လုပ်ဆောင်ပေးခဲ့သည်။ ယမန်နှစ်သည် အမေရိကန်စွမ်းအင် ကြီးစိုးသောနှစ် ဖြစ်သည်ဟု ထရန့်က ခေါ်ဆိုခဲ့ပြီး အမေရိကန် သဘာဝဓာတ်ငွေ့၏ ကောင်းကွက်များကိုလည်း အကြိမ်များစွာ ထုတ်ပြောခဲ့သည်။

အာရှသည်လည်း အမေရိကန်သဘာဝဓာတ်ငွေ့အတွက် အထူးပစ်မှတ် တစ်ခုဖြစ်သည်။ ခန့်မှန်းထားသော ဝယ်လိုအား မြင့်တက်လာမှု၏ ရာခိုင်နှုန်း ၈၀ မှာ ပေါ်ထွန်းစ ဈေးကွက်များမှ လာလိမ့်မည်ဖြစ်ပြီး ယင်းတို့ထဲတွင် တရုတ်နှင့် အိန္ဒိယတို့လည်း ပါဝင်လိမ့်မည်ဟု IEA က ထုတ်ပြန်ထားသည်။

အီရန်၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ဟန့်တားနိုင်စေမည်ဟု ယူဆခံရသော ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် ထရန့်၏လုပ်ရပ်၊ ရုရှားနှင့် ဂျာမနီတို့ကို ဆက်သွယ်ပေးရန် ရည်ရွယ်သော Nord Stream 2 ပိုက်လိုင်းအပေါ် မကြာသေးမီက ထရန့်၏ အပြစ်ရှာသော သုံးသပ်ချက်တို့က အမေရိကန်၏ ပို့ကုန်ဈေးကွက် တိုးချဲ့ရန် အဓိပ္ပာယ်များ ဖြစ်နေမည်ကို ဥရောပ တာဝန်ရှိသူများက သံသယရှိနေကြသည်။

ထိုအကြောင်းရင်းများသည် ထရန့်လုပ်ရပ်များ၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်ဟု သုံးသပ်ပါက ချဲ့ကားပြောသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်ဟု Societe Generale မှ ဘရန်နီဒေါက်ချာတီက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ပထဝီနိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် စွမ်းအင်နှင့် ပတ်သက်မှုများ ပါဝင်နေမည်မှာမူ သေချာပေါက်ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။

Ref : AFP

Most Read

Most Recent