<

ပူတင်က ၂၀၂၄ ခုနှစ်တွင် ၀န်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်လာနိုင်ဟု အရိပ်အမြွက် ပြောကြား

မေ ၂၅ ရက်က စိန့်ပီတာစဘတ်မြို့တွင် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်၌ ရုရှားသမ္မတ ပူတင်က စကားပြောနေစဉ် (Photo: AFP)

ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ်တွင် ၎င်း၏ လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် ၂၀၀၈ ခုနှစ်က လုပ်ခဲ့သည့်အတိုင်း ၀န်ကြီးချုပ်အဖြစ် ပြန်လာနိုင်ခြေရှိသည့်အကြောင်း မေ ၂၆ ရက်တွင် အရိပ်အမြွက်ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေကို အမြဲတမ်း တိတိကျကျ လိုက်နာခဲ့ပါတယ်။ နောင်လည်း လိုက်နာသွားမှာဖြစ်ပါတယ်။ သမ္မတတစ်ဦးဟာ သက်တမ်းနှစ်ခု ဆက်တိုက်ထက်ပိုပြီး ထမ်းဆောင်လို့မရဘူးလို့ အခြေခံဥပဒေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်” ဟု  ပူတင်က စိန့်ပီတာစဘတ်တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခု၌ ၂၀၂၄ ခုနှစ်တွင် အာဏာမှ စွန့်ခွာမည် ဟုတ်၊ မဟုတ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“အခု ကျွန်တော်ရဲ့ ဒုတိယသမ္မတ သက်တမ်းကို ရောက်ရှိနေပါပြီ” ဟု ရုရှားခေါင်းဆောင် ပူတင်က ပြောကြားခဲ့သည်။

ပူတင်သည် ယခင်ကလည်း သမ္မတသက်တမ်းကိုနှစ်ကြိမ်ဆက် ထမ်းဆောင်ပြီးနောက် ၂၀၀၈ ခုနှစ်သို့ အရောက်တွင် ၀န်ကြီးချုပ်ရာထူးသို့ ပြောင်းလဲတာဝန်ယူခဲ့သည်။ ထိုစဉ် ပူတင်၏ မဟာမိတ် ဖြစ်သော ဒီမီထရီ မက်ဗီဒက်က သမ္မတ ဖြစ်လာခဲ့သည်။ သို့ သော် နိုင်ငံထဲတွင် သြဇာအကြီးဆုံးပုဂ္ဂိုလ်မှာ ပူတင်သာဖြစ်နေဆဲ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ ကြသည်။ ထို့နောက် လေးနှစ်အကြာ၌ ပူတင်သည် သမ္မတရာထူးကို ပြန်လည် ရွေးချယ်ခံခဲ့ရသည်။

“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော် သမ္မတရာထူးကနေ ဆင်းသွားတာ မှတ်မိဦး မှာပေါ့။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော်ဟာ စည်းမျဉ်းအတိုင်းပဲ ဆက်လက်လုပ်ဆောင် သွားဖို့ စီစဉ်ထားပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။ ထို့ကြောင့် ပူတင်သည် ၂၀၂၄ ခုနှစ်တွင်လည်း ယခင်ကအတိုင်းဝန်ကြီးချုပ်အဖြစ် ထပ်မံပြောင်းလဲထမ်းဆောင်နိုင်သည့် သဘောကို အရိပ်အယောင်ပြ ညွှန်းဆိုနေခြင်း ဖြစ်နိုင်သည်။

လက်ရှိတွင်မူ ဒီမီထရီမက်ဗီဒက်သည် ၀န်ကြီးချုပ်နေရာတွင် တာဝန်ထမ်းဆောင်နေပြီး အနည်းငယ်ဘေးရောက်နေသည့် အနေအထားတွင် ရှိနေသော်လည်း ပူတင်၏ အယုံကြည်ရဆုံး လူယုံဖြစ်နေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လရွေးကောက်ပွဲမတိုင်မီက ၂၀၃၀ ပြည့်နှစ်တွင် သမ္မတရာထူးအတွက် ထပ်မံ ယှဉ်ပြိုင်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းအပေါ် ပူတင်က “ကျွန်တော့်ကို အသက် ၁၀၀ အထိ ဒီရာထူးမှာ ဆက်ရှိနေမယ်လို့ ထင်နေကြတာလား။ မဟုတ်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

၁၉၉၉ ခုနှစ်ကတည်းက ရုရှားနိုင်ငံကို ဦးဆောင်ခဲ့သော ပူတင်သည် ၎င်း၏ လက်ရှိသမ္မတသက်တမ်းအဆုံးသတ်သွားသော ၂၀၂၄ ခုနှစ်သို့ အရောက်တွင် အသက် ၇၁ နှစ် ရှိနေလိမ့်မည်ဖြစ်သည်။

ပူတင်သည် ၁၉၉၁ ခုနှစ်က နိုင်ငံရေးလောကသို့ မ၀င်မီအချိန်အထိ KGB ပြည်ပ ထောက်လှမ်းရေးအေးဂျင့်အဖြစ် ၁၆ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် ပူတင်သည် ၀န်ကြီးချုပ် ရာထူးကို စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ၎င်း၏ ၀န်ကြီးချုပ်ပထမသက်တမ်းအတွင်း သမ္မတဘောရစ်ယာဆင် နုတ်ထွက်သွားသောကြောင့် ပူတင်သည် ယာယီ သမ္မတအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၀န်ကြီးချုပ်ဒုတိယသက်တမ်းသို့ အရောက်တွင် ပူတင်သည် အာဏာရပါတီ ဖြစ်သည့် ယူနိုက်တက်ရုရှား၏ ဥက္ကဋ္ဌ ဖြစ်နေပြီဖြစ်သည်။

May 26, 2018














Copy Protected by Chetan's WP-Copyprotect.