<

ရေနံထုတ်လုပ်မှု တိုးမြှင့်ဖွယ်ရှိနေဟု ဆော်ဒီ၏ အချက်ပြမှုကြောင့် ရေနံဈေးနှုန်းများ ကျဆင်း

ထိပ်တန်းရေနံထုတ်လုပ်သည့် နိုင်ငံ ဆော်ဒီအာရေဗျက အစောဆုံးအဖြစ် ယခုနှစ်၏ တတိယသုံးလပတ်တွင် ရေနံထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည်ဟု အချက်ပြခဲ့ပြီး နောက်ပိုင်း မေ ၂၆ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ကျဆင်းသွားခဲ့သည်။

ကမ္ဘာ့စတော့ဈေးကွက်များမှာမူ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းရန် အမေရိကန်၏ ရုတ်ခြည်းလုပ်ရပ်ကြောင့် ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။

ရုတ်ခြည်းဈေးနှုန်းအပြောင်းအလဲကြောင့် ရေနံတင်ပို့မှု ပြောင်းလဲသွားခြင်းမျိုး  မဖြစ်ပေါ်စေရန်အတွက် ယခုနှစ်၏ ဒုတိယ နှစ်ဝက်မှစပြီး ရေနံထုတ်လုပ်မှုများကို တဖြည်းဖြည်းချင်း ပြန်လည်တိုးမြှင့်သွားမည်ဖြစ်သည်ဟု ဆော်ဒီရေနံဝန်ကြီး ခါလစ်အယ်ဖာလာက ရုရှားတွင် ပြုလုပ်ခဲ့သည့် စီးပွားရေးကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။

Benchmark  ရေနံအညွှန်းကိန်းအရ လန်ဒန်တွင် ရေနံတစ်စည်ဈေးနှုန်းသည် သုံးဒေါ်လာနီးပါး လျော့ကျသွားပြီး ၇၆ ဒသမ ၄၃ ဒေါ်လာ ၀န်းကျင်တွင် ရှိနေကာ နယူးယောက်တွင် နှစ်ဒေါ်လာနီးပါးကျဆင်းသွားခဲ့သည်။

ရေနံထုတ်လုပ်မှုအား မည်မျှတိုးမြှင့်မည်ကိုမူ ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ (OPEC) အဖွဲ့ဝင်နိုင်ငံများနှင့်အခြား ရေနံထုတ်လုပ်သည့် နိုင်ငံများမှ ၀န်ကြီးများက လာမည့်လတွင် ဆွေးနွေးကြလိမ့်မည်ဟု ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန္ဒားနိုဗက်က ပြောကြားခဲ့သည်။ ထိုစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအစိုးရသည် ရေနံတစ်စည်ဈေးနှုန်း ဒေါ်လာ ၆၀ ရလျှင်ပင် ကျေနပ်သည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီနှင့် ရုရှားတို့သည် ၂၀၁၇ ခုနှစ် က ရေနံထုတ်လုပ်မှုကို ကန့်သတ်ခဲ့သော သဘောတူညီချက်၏ နောက်ကွယ်မှ အဓိက နိုင်ငံများဖြစ်သည်။

 

 

May 26, 2018














Copy Protected by Chetan's WP-Copyprotect.