အသေခံတိုက်ခိုက်မှုများ ကြုံခဲ့ရအပြီး အင်ဒိုနီးရှားပါလီမန်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေသစ်ကို ပြဋ္ဌာန်း

အသေခံတိုက်ခိုက်မှုများ ကြုံခဲ့ရအပြီး အင်ဒိုနီးရှားပါလီမန်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေသစ်ကို ပြဋ္ဌာန်း
Published 26 May 2018

၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်က အာချေးပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က သရုပ်ပြနေစဉ် (Photo - AFP)

အင်ဒိုနီးရှားတွင် နှစ်ပေါင်းများစွာအတွင်း လူသေဆုံးမှုအများဆုံးဖြစ်သော အစ္စလာမ္မစ်တိုက်ခိုက်မှုများအား ကြုံတွေ့ခဲ့ရပြီးနောက် အကြမ်းဖက်မှု သံသယရှိသူများအား ကြိုတင်လက်ဦးမှုယူ၍ ရဲများက ထိန်းချုပ်ဟန့်တားရန် အခွင့်အာဏာရရှိမည့် ဥပဒေသစ်တစ်ခုကို ပါလီမန်က မေ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

အကြမ်းဖက်မှုဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုမှုအပါအဝင် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ထိုဥပဒေကြမ်းအား ပြဋ္ဌာန်းရန် အချေအတင်ငြင်းခုံမှုများကြောင့် နှစ်နှစ်နီးပါးကြာ နှောင့်နှေးနေခဲ့သည်။ သို့သော် ယခုလအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထိုဥပဒေကြမ်းအား ပြဋ္ဌာန်းရန် အမတ်များအတွက် ဖိအားဖြစ်လာခဲ့သည်။

ယခုဥပဒေသစ်အရ ရဲများသည် အကြမ်းဖက်မှု သံသယရှိသူများအား လတ်တလောတွင် တစ်ပတ်သာ ထိန်းသိမ်းခွင့်ရှိ ခဲ့ရာမှ ၂၁ ရက်အထိ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း သို့မဟုတ် ပြည်ပရှိ အကြမ်းဖက်အဖွဲ့များတွင် ပူးပေါင်းခြင်း သို့မဟုတ် လူသစ်စုဆောင်းပေးခြင်းတို့အတွက် စွဲချက်များလည်း စွဲဆိုနိုင်မည်ဖြစ်သည်။ ပါလီမန်က ဥပဒေသစ်ပြဋ္ဌာန်းရန် ပျက်ကွက်ခဲ့ပါက အရေးပေါ်အခြေအနေဆိုင်ရာ စည်းမျဉ်းများကို ထုတ်ပြန်သွားမည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ခြိမ်းခြောက်ခဲ့သည်။

ထိုဥပဒေကြမ်း၏ မတိကျသော အဓိပ္ပာယ်ဖွင့်ဆိုမှုက ခြိမ်းခြောက်မှုဟု ရှုမြင်သည့် မည်သည့်အဖွဲ့ကိုမဆို ဖြိုခွင်းနိုင်ရန်အတွက် လမ်းပွင့်သွားနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်ခဲ့ကြသည်။

ယခုလအတွင်း အင်ဒိုနီးရှားရှိ ဒုတိယ အကြီးဆုံးမြို့ ဆူရာဘာယာတွင် အသက်ကိုးနှစ်အရွယ်နှင့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်များပါဝင်သည့် မိသားစုနှစ်စုက ခရစ်ယာန်ဘုရားကျောင်းများနှင့် ရဲစခန်းတစ်ခုအား သီးခြားစီပစ်မှတ်ထား၍ အသေခံဗုံးခွဲ တိုက်ခိုက်မှုများကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ရသည်။ ထိုမိသားစုများသည် IS ဂျီဟတ်အဖွဲ့အား သစ္စာခံကြောင်း ထုတ်ပြန်ထားသော ဒေသတွင်းအစွန်းရောက်အဖွဲ့တစ်ခုနှင့် ဆက်နွှယ်နေကြောင်း သိရသည်။ ထိုအသေခံတိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း IS  အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာတွင် ဆူမတ်တြားရှိ ရဲစခန်းတစ်ခု၌ တိုက်ခိုက်ခံရမှုကြောင့် ရဲတစ်ဦးလည်း သေဆုံးခဲ့ရသည်။

လာမည့် သြဂုတ်တွင် အာရှအားကစားပြိုင်ပွဲနှင့် အောက်တိုဘာတွင် ဘာလီ၌ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ ဆွေးနွေးပွဲကို လက်ခံကျင်းပမည့် အင်ဒိုနီးရှားသည် အစ္စလာမ္မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကို နှိမ်နင်းရန် ကာလရှည်ကြာ ရုန်းကန်ခဲ့ရသည်။

အင်ဒိုနီးရှားတွင် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုမှာ ၂၀၀၂ ခုနှစ်က ဘာလီတွင် ဒေသခံများနှင့် ပြည်ပခရီးသွား အများအပြားပါဝင်သော လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်သည်။ ဘာလီဗုံးခွဲတိုက်ခိုက်မှုများအပြီး အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့များသည် ဆက်တိုက်နှိမ်နင်းမှုအတွင်း စစ်သွေးကြွရာပေါင်းများစွာအား ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအများစုသည် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားသည့် သေးငယ်သော တိုက်ခိုက်မှုများအဖြစ်သို့ အရှိန်လျော့ကျခဲ့သည်။

Ref ;AFP

Most Read

Most Recent