မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေဟု ပင်တဂွန် ထုတ်ပြန်

မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေဟု ပင်တဂွန် ထုတ်ပြန်
Published 26 May 2018

မေ ၂၄ ရက်က မြောက်ကိုရီးယားတွင် ပန်ဂျီရီနျူကလီးယား စမ်းသပ်သည့် နေရာအား ဖျက်ဆီးနေမှုကို ပြည်ပမီဒီယာများက မှတ်တမ်းတင်နေစဉ် (Photo - AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်နှင့် ထိပ်သီးပြုလုပ်ရန် အစီအစဉ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖျက်သိမ်းခဲ့ပြီးနောက် ပင်တဂွန်သည် မြောက်ကိုရီးယားထံမှ မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း တာဝန်ရှိသူတစ်ဦး က မေ ၂၄ ရက်တွင် သတိပေးခဲ့သည်။

“ကျွန်တော်တို့တွေ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ရောက်နေပါပြီ။ တုံ့ပြန်ဖို့ အသင့်ရှိနေပါပြီ” ဟု အမေရိကန်စစ်ဘက်၏ စစ်ဦးစီးချုပ်များအဖွဲ့ ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ကင်နက်မက်ကင်ဇီးက သတင်းထောက်များအား ပြောကြားခဲ့သည်။ “လာမယ့်ရက်တွေမှာ ဘာတွေဖြစ်လာမလဲ ကြည့်ရမယ်။ (မြောက်ကိုရီးယားထံကနေ) ဘယ်လို ရန်စတဲ့လုပ်ရပ်တွေ ဖြစ်လာပါစေ ဒေသတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့  သဘောတူညီချက်ယူထားတဲ့အတိုင်း အတိအကျ တုံ့ပြန်သွားဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်ကလည်း မေ ၂၄ အစောပိုင်းတွင် သမ္မတထရန့် နှင့် ဖုန်းဖြင့်စကားပြောခဲ့သည်။ သို့သော် ယင်းသည် ကင်နှင့်ထိပ်သီးအား ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ်မှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် သတင်းပေးရုံသက်သက် ဟုတ်၊ မဟုတ်ကိုမူ တာဝန်ရှိသူများက မပြောကြားခဲ့ပေ။ မြောက်ကိုရီးယားအား ပြင်းထန်သော ပိတ်ဆို့အရေးယူမှု၊ သံတမန်ရေးရာ ဖိအားပေးမှု၊ စစ်ဘက် အသင့်ပြင်ထားမှုတို့ ပါဝင်သည့် ဖိအားအမြင့်ဆုံးပေးသည့် အစီအစဉ်များတွင် ပင်တဂွန်က အစိတ်အပိုင်းအဖြစ် ပါဝင်ကြောင်း ပင်တဂွန်ပြောခွင့် ရပုဂ္ဂိုလ် ဒါနာဝှိုက်က ပြောကြားခဲ့သည်။

“ကျွန်မတို့တွေ ဒီညမှာ တိုက်မယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု မက်ကင်ဇီးနှင့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဝှိုက်က ပြောကြားခဲ့သည်။ ပင်တဂွန်သည် မြောက်ကိုရီးယားအား နိုးနိုးကြားကြား စောင့်ကြည့်မှုကို  အမြင့်ဆုံးအနေအထား၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း မက်ကက်ဇီးက ပြောကြားခဲ့သည်။

ကင်သို့ လိပ်မူထားသောစာတစ်စောင်တွင် ထရန့်က စင်ကာပူ၌ ဇွန် ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အလွန်အမင်းအရေးပါသော ထိပ်သီးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစာတွင် အမေရိက၏ လွန်ကဲပြီး စွမ်းအားကြီးမားသော နျူကလီးယားစွမ်းရည်များကို ထည့်သွင်းဖော်ပြထားရာ ယင်းထိပ်သီးအား ပြုလုပ်ရန် လက်ခံခဲ့ကြောင်း ၎င်းကကြေညာခဲ့သည့် အချိန်အထိ ထရန့်၏ ,ဝိသေသများဖြစ်သည့် ရန်လိုသော လေလုံးထွားမှုများသို့ ရုတ်တရက် ပြန်ပြောင်းသွားမှုလည်း ဖြစ်သည်။

နိုင်ငံများအကြား ခဏတာ ဆက်ဆံရေး ပြန်လည်ပျော့ပျောင်းခဲ့သည့် ကာလအတွင်း ပင်တဂွန်သည် ၎င်း၏စစ်ဘက်ဆိုင်ရာကို မည်သည့်အပြောင်းအလဲမှ မလုပ်ခဲ့ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။ ထိပ်သီးဖြစ်ပေါ်တော့မည်ဟု သတင်းစတင် ထွက်ပေါ်လာမှုမှသည် ယခုကဲ့သို့ အဆုံးသတ်သွားသည့်အချိန်အထိ စစ်ဘက်ဆိုင်ရာကို မြှင့်တင်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့ မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ ခန့်ကို တပ်စွဲထားပြီး ၎င်းတို့ နှစ်နိုင်ငံစစ်တပ်များသည် ကိုရီးယားကျွန်းဆွယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ပုံမှန်ပြုလုပ်လေ့ရှိသည်။ အမေရိကန်သည် မြောက်ကိုရီးယားမှ ပစ်ခတ်လိုက်သော မည်သည့်ဒုံးများကိုမဆို ပစ်ချနိုင်ရန် ရည်ရွယ်၍ အဆင့်မြင့်ဒုံးခွင်းစနစ် THAAD ကိုလည်း တောင်ကိုရီးယားတွင် ချထားခဲ့သည်။

Ref ;AFP

Most Read

Most Recent