<

ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲကို ဒေါ်နယ်ထရန့်က ဖျက်သိမ်း

မေ ၁၁ ရက်က စင်ကာပူတွင် ထရန့်နှင့်ကင်ဂျုံအွန်တို့၏ ထိပ်သီးကျင်းပမည့် သတင်းပါဝင်သည့်
သတင်းစာများကို ရောင်းချနေသူတစ်ဦးအား တွေ့ရစဉ် (Photo: AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖြူတော်က ထုတ်ပြန်သော ယင်းကြေညာချက်တွင် ကင်ဂျုံအွန်သို့ လိပ်မူထားပြီး မြောက်ကိုရီးယားက မကြာသေးမီက ထုတ်ပြန်သော ကြေညာချက်၌ ပြောင်ပြောင်တင်းတင် ရန်လိုမှုနှင့် ဒေါသတကြီးဖြစ်မှုတို့ကြောင့် ကာလကြာရှည်ကတည်းက စီစဉ်ထားသော ဆွေးနွေးပွဲကို ကျင်းပရန် မသင့်တော်ဟု ယူဆကြောင်း ထရန့်က ပြောကြားထားသည်။

ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ရသောကြောင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ကြီးမာသော သာယာဝပြောမှုတို့အတွက် ကမ္ဘာက အခွင့်အလမ်းကြီးတစ်ရပ် ဆုံးရှုံးသွားပြီဖြစ်ကြောင်း ထရန့်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ မကြာသေးမီက ထုတ်ပြန်သော မြောက်ကိုရီးယားအစိုးရ၏ ကြေညာချက်တွင် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်ကို နိုင်ငံရေး မသိသူတစ်ဦးအဖြစ် ရည်ညွှန်းထားသည်။ ထို့ပြင် ဆွေးနွေးပွဲ စားပွဲဝိုင်း၌ တွေ့ဆုံမှုကဲ့သို့ နျူကလီးယားထိပ် တိုက်တွေ့မှုအတွက်လည်း အသင့်ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် ထရန့်နှင့်ကစားရန် ကြိုးစားပါက ကြီးမားသော အမှားအယွင်းဖြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယ သမ္မတမိုက်ပင့်စ်က မေ ၂၁ ရက်တွင် သတိ ပေးခဲ့မှုသည် ပညာမဲ့ပြီး မိုက်မဲသော မှတ်ချက်များဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိ ယ နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟေးက မေ ၂၄ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ နျူကလီးယားလက်နက်များ စွန့်လွှတ်ပြီးနောက် အမေရိကန်ကျောထောက်နောက်ခံပြု သူပုန်များ၏လက်ချက်ဖြင့် ချေမှုန်းခံခဲ့ရသည့် လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာ ကဒါဖီအဖြစ်မျိုးကို မြောက်ကိုရီးယားက ကြုံတွေ့နိုင်ကြောင်းလည်း ပင့်စ်က သတိပေး ခဲ့ခြင်းဖြစ်သည်။

ထရန့်နှင့် ကင်တို့ကြား ထိပ်သီးဆွေးနွေးပွဲအတွက် အသေးစိတ် လုပ်ငန်းစဉ်များ ဆွေးနွေးရန် အမေရိကန် တာဝန်ရှိသူများက အကြိမ်ကြိမ်တောင်းဆိုခဲ့မှုကို မြောက်ကိုရီးယားက မတုံ့ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထရန်နှင့် ကင်တို့ကြား စီစဉ်ထားသော ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့ခြင်းအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်စင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းတစ်ခု ရှာဖွေရေး အားလုံးက ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း ဂူတာရက်စ်က ဂျီနီဗာတက္ကသိုလ်တွင် ပြောကြားခဲ့သည်။

ယင်းအချိန်တွင် မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်စလုံးအား ပြုလုပ်ခဲ့သည့် ပန်ဂျီရီစမ်းသပ် စခန်းအား အလုံးစုံဖျက်ဆီးပစ်ရန် အစီအစဉ်အား လေ့လာနိုင်ရန်အတွက် ပြည်ပဂျာနယ်လစ်အချို့အား ဖိတ်ခေါ်ထားခဲ့သည်။ ထိုလုပ်ရပ်သည် မြောက်ကိုရီးယား၏ ကာလရှည်ကြာ နျူကလီးယားစွမ်းရည်များအား ဟန့်တားရန် အနည်းငယ်သာ သက်ရောက်မည်ဖြစ်သော်လည်း မြောက်ကိုရီးယားအစိုးရသည် အပြောင်းအလဲ ပြုလုပ်ရန်အတွက် အလေးအနက်ထားကြောင်း အချက်ပြခဲ့သည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်ဘက်စလုံးသည် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ အသာစီးမှနေ၍ ညှိနှိုင်းနိုင်ရန်အတွက် ကစားနေကြကြောင်း Asan Institute for Policy Studies မှ လေ့လာသုံးသပ်သူ ဂိုမြောင်ဟွန်းက ပြောကြားခဲ့သည်။ ထို ထိပ်သီး မဖြစ် မြောက်ခဲ့လျှင်ပင် ပန်ဂျီရီစခန်းအား ဖျက်ဆီးပစ်ခဲ့မှုအတွက် မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ ကရုဏာသက်မှုကို ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ထိုစခန်းအား ဖျက်သိမ်းရန်အတွက် မည်သည့်သတ်မှတ်ချက်မျှ တောင်းဆိုခဲ့မှုမရှိခြင်း သို့မဟုတ် အပြန်အလှန် အနေဖြင့် ၀ါရှင်တန်ထံမှ မည်သည့်အရာမျှ တောင်းဆိုခဲ့ခြင်းမရှိဘဲ သဘောတူခဲ့ခြင်းဖြစ်သည်။

May 24, 2018














Copy Protected by Chetan's WP-Copyprotect.