အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ဒုတိယအကြိမ် စစ်ဆေးမေးမြန်းခံရ

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ် ဒုတိယအကြိမ် စစ်ဆေးမေးမြန်းခံရ
Published 25 May 2018

မေ ၂၄ ရက်က MACC တွင် စစ်ဆေးမေးမြန်းခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်းနာဂျစ်က မီဒီယာများကို စကားပြောနေစဉ် (Photo: AFP)

မေ ၉ ရက်က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် ဒေါ်လာ ဘီလျံများစွာ ခိုးယူခံရသော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံအတွက် ယခုသီတင်းပတ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် မေ ၂၄ ရက်တွင် စစ်ဆေးမေးမြန်း ခံရသည်။ နာဂျစ် ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များသည် ၎င်းနှင့် ၎င်း၏ဇနီးတို့နှင့် ဆက်နွှယ်သော နေအိမ်တိုက်ခန်းများအား စီးနင်းရှာဖွေခဲ့ရာ ငွေသား ဒေါ်လာ ၂၅ သန်းထက် မနည်းအပြင် လက်ဝတ် ရတနာများနှင့် နာမည်ကြီး လက်ကိုင်အိတ်များစွာတို့ကို သိမ်းဆည်းမိခဲ့သည်။

နာဂျစ်သည် ၎င်းထူထောင်ခဲ့သော အစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB မှ ငွေကြေးများသည် ၎င်း၏ဘဏ်စာရင်းများထဲသို့ ရောက်ရှိနေမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းမှုကို ဖြေကြားရန်အတွက် အုပ်ချုပ်ရေး မြို့တော် ပူထရာဂျာယာရှိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် MACC ရုံးချုပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နာဂျစ်သည် ထိုအရှုပ်တော်ပုံနှင့်ပတ်သက်၍ မေ ၂၂ ရက် တွင်လည်း MACC ၌ လးနာရီကျော်ကြာ စစ်ဆေးမေးမြန်း ခံခဲ့ရပြီးဖြစ်သည်။

1 MDB ၏ မူလကုမ္ပဏီခွဲဖြစ်သော စွမ်းအင်ကုမ္ပဏီ SRC International  နှင့် ပတ်သက်၍ MACC က နာဂျစ်အား စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

ှSRC မှ ရင်းဂစ် ၄၂ သန်း (ဒေါ်လာ ၁၀ ဒသမ ၆ သန်း) ကို နာဂျစ်၏ ဘဏ်စာရင်းများထဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည့် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းကို ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။ 1MDB မှ ဒေါ်လာသန်းပေါင်းများစွာသည် နာဂျစ်၏ ဘဏ်စာရင်းများထဲသို့ ရောက်ရှိနေခဲ့ကြောင်း စွပ်စွဲခံခဲ့ရသော်လည်း နာဂျစ်နှင့် 1 MDB တို့က မည်သည့်အမှားအယွင်းမျှ မလုပ်ဆောင်ခဲ့ကြောင်း ငြင်းဆန်နေဆဲဖြစ်သည်။

1MDB မှ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ထက်မနည်းသည် ခိုးယူခံခဲ့ရကြောင်း စွပ်စွဲခဲ့သော အမေရိကန်တရားရေးဌာနကလည်း  ထိုခိုးထားသောငွေများဖြင့် ဝယ်ယူထားသည် ဟုဆိုသော အမေရိကန်ရှိ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိသည့် ပိုင်ဆိုင်မှုအရပ်ရပ်ကို သိမ်းယူနိုင်ရန် ကြိုးစားနေသည်။

နာဂျစ်အားဖြုတ်ချနိုင်ရန် အနားယူနေရာမှ နိုင်ငံရေးသို့ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့သည့် ၎င်း၏ ဆရာဖြစ်သူ အသက် ၉၂ နှစ် ရှိပြီဖြစ်သည့် မဟာသီယာမိုဟာမက်က ထို အရှုပ်တော်ပုံအား အပြည့်အစုံ စုံစမ်းစစ်ဆေးသွားမည်ဟု ကတိပြုထားသည်။ 1MDB မှ အဓိကပုဂ္ဂိုလ်များနှင့် မေ ၂၃ ရက်တွင် ဆွေး နွေးခဲ့ပြီးနောက် မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂူအန်အန်က 1MDB သည် အကြွေး မဆပ်နိုင်ဖြစ်ခဲ့ပြီး ၎င်း၏ အကြီးအကဲသည် လုံးလုံးလျားလျား မရိုးသားကြောင်း ပြောခဲ့သည်။

နာဂျစ်ကမူ မကြာသေးမီရက်များအတွင်း ၎င်းအား စွပ်စွဲချက်များကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး သူသည် ပြည်သူ့ဘဏ္ဍာကို ခိုးယူခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ ထို့ ပြင် နိုင်ငံ၏ကြွေးမြီ ပမာဏ အလွန်အမင်း မြင့်မားနေကြောင်း ကြေညာလျက် ဝန်ကြီး ချုပ်သစ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့သည် မလေးရှား စတော့ဈေးကွက်အား ကျဆင်းစေခဲ့ကြောင်း နာဂျစ်က မေ ၂၃ ရက်နှောင်းပိုင်းတွင် Facebook ၌ ဝေဖန်ရေးသားခဲ့သည်။

1MDB အရှုပ်တော်ပုံနှင့် ဆက်နွှယ်သည့်မှတ်တမ်းများကို မီဒီယာသို့ ပေါက်ကြား စေခဲ့သူဟု ယုံကြည်ရသည့် 1MDB မှ အမှုဆောင်ဟောင်း ဆွစ်ဇာလန်နိုင်ငံသား ဇာဗီယာဂျက်စတိုသည် မေ ၂၄ ရက်တွင် MACC သို့ နာဂျစ် မရောက်မီ ရောက်ရှိလာခဲ့သည်။

Most Read

Most Recent