အိန္ဒိယ၌ ကြေးနီစက်ရုံကို ကန့်ကွက်ဆန္ဒပြသည့် ဒုတိယမြောက်နေ့တွင် သေဆုံးသူ ၁၁ ဦး ရှိလာ

အိန္ဒိယ၌ ကြေးနီစက်ရုံကို ကန့်ကွက်ဆန္ဒပြသည့် ဒုတိယမြောက်နေ့တွင် သေဆုံးသူ ၁၁ ဦး ရှိလာ
Published 24 May 2018

အိန္ဒိယတောင်ပိုင်းရှိ Tuticorin မြို့တွင် မေ ၂၂ ရက်၌ ဆန္ဒပြသူများထံ ရဲများက ချဉ်းကပ်လာနေစဉ် (Photo - AFP)

အိန္ဒိယတောင်ပိုင်းရှိ ကြေးနီစက်ရုံတစ်ရုံကို ပိတ်ပစ်ရန် စုဝေးတောင်းဆိုမှုကို ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၁၀ ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဒုတိယမြောက်နေ့တွင် ရော်ဘာကျည်ဆန်ကြောင့် ဆန္ဒပြသူ တစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် Tuticorin ဆိပ်ကမ်းမြို့တွင် လက်လုပ်ဗုံးများ၊ ကျောက်တုံးများဖြင့် ရဲများကို ပစ်ပေါက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကလူအုပ်ကို ရော်ဘာ ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်အစစ်များကို ခေါင်းပေါ်ကျော်၍ တရစပ်ပစ်ခတ်ခဲ့သည်ဟု တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် မေ ၂၂ ရက်တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများကို လူစုခွဲရန် ပစ်ခတ်ခဲ့ပြီးနောက် ဆန္ဒပြမှုများအား ၎င်းတို့၏ ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

ဗြိတိန်ဧရာမသတ္တုတွင်းလုပ်ငန်း Vedanta Resources က ပိုင်ဆိုင်သည့် သတ္တုရိုင်း အရည်ကျိုစက်ရုံကို ပိတ်ပစ်ရန် တောင်းဆိုသည့်ကာလကြာ ဆန္ဒပြမှုဖြစ်ပွားနေသည့် တမီလ်နာဒူပြည်နယ်၌ မေ ၂၂ ရက်တွင် အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ယင်း စက်ရုံသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများဖြစ်စေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

တမီလ်နာဒူပြည်နယ်ဝန်ကြီးချုပ်က ပစ်ခတ်မှုကို ဥပဒေကြောင်းအရစုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း ယင်းဆောင်ရွက်မှုသည် ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါသမြင့်တက်လာမှုကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။ ယင်းပဋိပက္ခအတွင်း လူ ၈၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

သေဆုံးခဲ့သော ဆန္ဒပြသူများ၏ မိသားစုများအား ဒေါ်လာ ၁၄၇၀၀ စီ လျော်ကြေးပေးမည်ဟုလည်း တမီလ်နာဒူပြည်နယ်ဝန်ကြီးချုပ် အီဒါပါဒီကေပါလာနီဆွာမိက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့သည်ဟု တမီလ်နာဒူပြည်နယ်၏ အဓိကအတိုက်အခံပါတီ DMK ခေါင်းဆောင် အမ်ကေစတာလင်က ပြောကြားခဲ့သည်။

“အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ဟု ၎င်းက မေ ၂၃ ရက်တွင် Twitter တွင် ရေးသားခဲ့သည်။ “ဆန္ဒပြသူတွေကို ပစ်ခတ်ဖို့ဘယ်သူတွေက ရဲတပ်ဖွဲ့ အမိန့်ပေးတာလဲ။ လူစုခွဲဖို့ ဘာကြောင့် မောင်းပြန်သေနတ်တွေကို အသုံးပြုခဲ့တာလဲ။ ဘာဥပဒေနဲ့ ဒီလိုမျိုးလုပ်ခွင့်ပေးတာလဲ” ဟု ရေးသားခဲ့သည်။

ရဲဝန်ထမ်းတစ်ဦးက ဘတ်စကားတစ်စီးပေါ်မှ လူများကို ရိုင်ဖယ်သေနတ်ဖြင့် ချိန်နေသည့် ဗီဒီယိုဖိုင်ကြောင့် ဒေါသထွက်မှု မြင့်တက်စေခဲ့သည်။

ယင်းသေဆုံးမှုသည်  အစိုးရထောက်ပံ့သည့် အကြမ်းဖက်ဝါဒ၏ လူမဆန်သော ပြယုဂ်တစ်ခုဟု အတိုက်အခံကွန်ဂရက်ပါတီ၏ အမျိုးသားရေးခေါင်းဆောင်ရာဟူး ဂန္ဒီက ပြောကြားခဲ့သည်။

“ဒီနိုင်ငံသားတွေက  မတရားမှုကို ဆန့်ကျင်ဆန္ဒပြမှုအတွက် သတ်ဖြတ်ခံခဲ့ရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆိပ်ကမ်းမြို့ Tuticorin တွင် ပစ်ခတ်မှုကြောင့်လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း မကြာမီ ယင်းအရေအတွက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။  ယင်းပဋိပက္ခအတွင်း တပ်ဖွဲ့ဝင် ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း Tuticorin ခရိုင်ရဲမှူးကြီး ပီမာဟန်ဒရန်က ပြောကြားခဲ့သည်။

အိန္ဒိယဘီလျံနာတစ်ဦးက ပိုင်ဆိုင်သော Vedanta ကုမ္ပဏီသည် လန်ဒန်တွင် ရုံးချုပ်ရှိပြီး တစ်နှစ်လျှင် ကြေးနီတန် ၄၀၀၀၀၀ ထိ ထုတ်လုပ်မှုနှစ်ဆတိုးမြှင့်ရန် ကြိုးပမ်းခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent